အဖြူရောင်စာအုပ် (အပိုင်း-၁)
အဖြူရောင်စာအုပ်
အပိုင်း-၁
ကျွန်မ
နွေဦးမှာ အဖြူရောင်ရှိတဲ့ သက်ရှိသက်မဲ့တွေအကြောင်း ရေးဖို့ဆုံးဖြတ်လိုက်တဲ့အခါ ပထမဆုံးလုပ်တာကတော့ စာရင်းပြုစုတာပါပဲ။
ကလေးချီပိုးပုခက်
မွေးကင်းစကလေးဂါဝန်
ဆား
နှင်း
ရေခဲ
လ
ဆန်
လှိုင်း
စကားဖြူ
ငှက်ဖြူ
“ဖြူဖြူလေးရယ်တယ်”
ဗလာစာရွက်
ခွေးဖြူ
ဆံပင်ဖြူ
အနှီး
ရေးချလိုက်တဲ့ အရာဝတ္ထုတစ်ခုစီနဲ့အတူ စိတ်လှုပ်ရှားမှုလှိုင်းကြက်ခွပ်တွေက ကျွန်မကိုယ်ကို ဖြတ်သန်းသွားတယ်။ ဟုတ်တယ် ဒါကို လုပ်သင့်တယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မ ဒီစာအုပ်ကိုရေးဖို့လိုအပ်တယ်။ ရေးသားရတဲ့ဖြစ်စဉ်က အသွင်ရောအနှစ်သာရပါ ကူးပြောင်းမှုဖြစ်စေလိမ့်မယ်၊ ရောင်ယမ်းနေတာကို လိမ်းရတဲ့ အဖြူရောင်လိမ်းဆေးလိုမျိုး၊ အနာပေါ်အုပ်ရတဲ့ ပတ်တီးပါးပါးလိုမျိုး တစ်ခုခုအဖြစ်ပြောင်းလဲသွားလိမ့်မယ်။ ကျွန်မလိုအပ်တဲ့ အရာတစ်ခုအဖြစ်ပေါ့။
ဒါပေမဲ့ အဲ့ဒီနောက် ရက်အနည်းငယ်အကြာမှာ ဒီစာရင်းကို ထပ်ကြည့်မိလိုက်တော့ ဒီလိုစာရင်းပြုစုရတဲ့ အလုပ်၊ ဒီစကားလုံးတွေရဲ့ အနှစ်သာရထဲကို စူးစိုက်ကြည့်ရှုရတာမှာ ဘယ်လိုအဓိပ္ပါယ်မျိုးရှိမလဲလို့ တွေးမိလာတယ်။
ဒီစကားလုံးတွေကို ကျွန်မကိုယ်တိုင် မွှေနှောက်စစ်ကြည့်လိုက်ရင် ဝါကျတွေက တုန်တုန်ရင်ရင်နဲ့ထွက်လာလိမ့်မယ်။ လေးတံက သတ္တုကြိုးကိုဆွဲတဲ့အခါ ထွက်လာတဲ့ ထူးထူးဆန်းဆန်း ဆွေးဆွေးမြေ့မြေ့ စူးရှအော်သံလိုမျိုး ဖြစ်မယ်။ အဖြူရောင်ပတ်တီးပါးနဲ့ ဖုံးကွယ်ထားပြီး ကျွန်မ ကိုယ့်ကိုကိုယ် ဒီဝါကျတွေကြားထဲမှာ ပုန်းအောင်းခွင့်ပေးနိုင်မှာလား။
ဒီမွေးခွန်းက ဖြေဖို့ခက်တာမို့ ကျွန်မ စာရင်းကို အဲ့ဒီအတိုင်းထားလိုက်ပြီး နောက်ထပ် ဖြည့်စွက်ဖို့ ဆိုင်းထားလိုက်တယ်။ ဩဂုတ်မှာ ကျွန်မ ပြည်ပကိုရောက်လာတယ်၊ အရင်က တစ်ခါမှ မသွားဖူးတဲ့ အဲ့ဒီနိုင်ငံကိုပေါ့။ အဲ့ဒီနိုင်ငံရဲ့ မြို့တော်က တိုက်ခန်းတစ်ခန်းကို ကာလတိုငှားရမ်းခွင့်ရပြီး ဒီလိုထူးဆန်းတဲ့ ဝန်းကျင်မှာ ကျွန်မရဲ့နေ့ရက်တွေကို ဆွဲဆန့် တတ်လာခဲ့တယ်။ နှစ်လနီးပါးအကြာ တစ်ညမှာ ရာသီရဲ့ အေးမြမှုက စပြီး အေးခိုက်လာချိန်လေးမှာ ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်လာတယ်။ အရင်က ရက်ရက်စက်စက်ကို အကျွမ်းတဝင်ဖြစ်ခဲ့ဖူးတဲ့ ရောဂါပေါ့။ ကျွန်မ ရေနွေးနဲ့ ဆေးလုံးလေးတွေ မျှောချပြီးနောက် နားလည်လိုက်တာက ပုံးအောင်းနေလို့ မဖြစ်နိုင်ဘူးဆိုတာပဲ။ ဒါကို ယောက်ရက်မခတ်ပဲ တည်တည်ငြိမ် ငြိမ်နဲ့ လက်ခံလိုက်တယ်။
တစ်ခါတလေ ကုန်နေတဲ့ အချိန်တွေက တွန်းတွန်းတိုက်တိုက် သတိပေးနေသလိုပဲ။ ကိုယ်ခန္တာမှာ ခံစားရတဲ့ ဝေသနာတွေက အရာရာကို ပိုမို သတိထားမိစေတယ်။ ကျွန်မ အသက် ၁၂ သို့မဟုတ် ၁၃ နှစ်တုန်းက စတင်ခဲ့တဲ့ ခေါင်းတစ်ခြိမ်းကိုက်တာဟာ ဗုံမဆင့်ဆိုင်းမဆင့် ရုတ်ခြည်းပေါ်လာပြီး နေ့စဉ်ဘဝရဲ့ သွားလာလှုပ်ရှားမှုတွေ ရပ်တန့်သွားရလောက်အောင် နာကျင်ထိုးနက်တဲ့ ဗိုက်အောင့် ဝေဒနာကို သူနဲ့အတူ တစ်ပါထဲ သယ်လာတယ်။ ကျွန်မလေ နာကျင်မှုကို တောင့်ခံနိုင်ဖို့ပဲ အာရုံစိုက်နေရတာမို့ သာမန်အသေးအဖွဲအလုပ်လေးတွေကိုတောင် ရပ်ထားရတယ်။ တစ်စက် တစ်စက်နဲ့ ကျလာတဲ့ အချိန်တွေကို သင်တုန်းဓား အလား စူးရှထက်မြက်ပြီး ကျွန်မရဲ့ လက်ဖျား တွေမှာ လာလာရှနေတဲ့ ကျောက်မျက်ရတနာတွေလိုပဲ ခံစားရနေတယ် ။ အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်တာနဲ့ပဲ ဘဝရဲ့ အဲ့ဒီအခိုက်အတန့်ဟာ သွေးစက်လေးတစ်စက်လို ထင်ထင်ရှားရှားပုံပေါ်လာတယ်။ နေ့စဉ်ဘဝထဲကို ကျွန်မ ပြန်လည်စီးမျောလိုက်တာတောင် ၊ တစ်ရက်နဲ့ တစ်ရက်အဆုံးအစမရှိ ပျော်ဝင်သွားတာတောင်၊ အဲ့ဒီခံစားချက်ဟာ ဒီနေရာမှာ အစဉ်အမြဲ အသက်ကိုအောင့်လို့ စောင့်မျှော် ကျန်နေခဲ့တယ်။
အခိုက်အတန့်တိုင်းဟာ မမြင်ရတဲ့ ချောက်ကမ်းပါးရဲ့ အစွန်းကနေ ရှေ့ကို တစ်လှမ်းခုန်လိုက်ရတာပဲဖြစ်တယ်။ အချိန်ရဲ့ တိကျထင်ရှားတဲ့ အစွန်းတွေက ထာဝရ အမြဲကို သစ်ဆန်းနေတယ်။ အခုအချိန်ထိ ရှင်သန်လာခဲ့တဲ့ ကျွန်မတို့ဘဝဆိုတဲ့ ခိုင်ခိုင်မြဲမြဲ မြေပြင်ပေါ်ကနေ ခြေတစ်လှမ်းကြွလိုက်ပြီး လေဟာနယ်ထဲကို အန္တရာယ်တွေ ပြည့်နေတဲ့ ခြေလှမ်းလှမ်းလိုက်တယ်။ ထူးထူးခြားခြားသတ္တိရှိလို့ရယ်မဟုတ်ဘဲ အခြားနည်းလမ်းမရှိလို့သာ လုပ်ရတာပါ။ အခုတော့ ဒီအခိုက်အတန့်မှာ မူးမော်စေတဲ့ ရင်ဖိုမှု ကျွန်မကိုယ်ထဲကနေဖြတ်သန်းသွားတယ်လို့ ခံစားရတယ်။ ကျွန်မ တစ်ခါမှ မရှင်သန်ဘူးသေးတဲ့ အချိန်၊ ကျွန်မမရေးရသေးတဲ့ ဒီစာအုပ်ထဲကို အတွက်အဆမရှိဘဲ ခြေလှမ်းလိုက်တဲ့အခါပေါ့။
ဘဘဝ
The White Book by Han Kang
winner of the 2024 Nobel prize in literature







