Myanmar
ကမ္ဘာမြေမဆုံး
_____________
ချားစ်စီမစ်ရဲ့ “ကမ္ဘာမြေမဆုံး”စကားပြေကဗျာများ ကို နေတိုင်းနီးပါးဖေါ်ပြခဲ့တာတအုပ်စာအကုန်ပါပဲ။
ကိုကျော်ထူးဗလ အဖုံးဆွဲပြီး နဆဖက ထုတ်ဖို့ စီစဉ်ခဲ့တာတောင် သုံးနှစ်ကျော် လေးနှစ်ထဲရောက်။
စီမစ်ရဲ့ ပထမဆုံးပုံနှိပ်သက်တမ်းအရ ၁၉၈၅ နဲ့တွက်ကြည့်တော့ နှစ်ပေါင်း ၃၈ နှစ် အရွယ် သူ့စကားပြေကဗျာတွေ။
ကျွန်တော့်အဖို့ စာအုပ်အနေနဲ့ ထုတ်ဖို့လွန်ခဲ့တဲ့ သုံးနှစ်က လို ခုထိ အာရုံစုစည်းမရ။
ချားစ်စီမစ်တောင် မနှစ်က ဤကမ္ဘာမြေမှ အပြီးစွန့်ခွါသွားခဲ့ပေါ့။
သူ့ရဲ့ “ The Life of Images “ ၂၀၁၅ ခုက စုစည်းထုတ်ဝေထားတဲ့ ကဗျာဆိုင်ရာ ဆောင်းပါးတွေထဲက The Poetry of Villages Idiots ကို ဖတ်ဖို့ ဒီနေရာမှာပဲဖေါ်ပြလိုက်မယ်ဗျာ။
“ရွာသားငတုံးတို့၏ကဗျာ”
ပရော်ဖက်ရှင်နယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေ တစ်ခုမှ မရှိပါဘူး။ အကြောင်းအရာများ၊ ဖွံဖြိုးတိုးတက်မှု၊ တည်ဆောက်မှု၊ သိုမဟုတ် နည်းလမ်းမရှိပါ။ ဆန့်ကျင်ဘက်အနေနှင့် လိုက်လျောညီထွေမဖြစ်နိုင်သော စိတ်ကူးစိတ်သန်းများသာဖြစ်သည်။
-HENRI MICHAUX
စကြာဝဠာတည်ပုံပျက်ပုံ၊ ရိုးရာကဗျာကြီးတွေ၊ မဟာကဗျာကြီးတွေဟာ စာတိုပေစတစ်ခုရဲ့ ရှုထောင့်တစ်ခုအထိ လျှော့ချပြောင်းလဲသွားတယ်လို့ အိပ်မက်မက်တယ်။
-ITALO CALVINO
စကားပြေကဗျာတစ်ပုဒ်ရေးခြင်းဟာ အမှောင်ခန်းထဲမှာ ယင်ကောင်တစ်ကောင်ကို ဖမ်းရန်ကြိုးစားခြင်းနဲ့ ခပ်ဆင်ဆင်တူတယ်။ ယင်ကောင်က ထိုနေရာ၌ပင် မရှိပေ၊ သင့်ခေါင်းထဲမှာပဲ ရှိတတ်တယ်။ မည်သို့ပင်ဆိုစေကာမူ သင်က အပူတပြင်းလိုက်ရှာနေချိန်မှာပဲ အရာဝတ္ထုများကို ခလုတ်တိုက်မိမယ်။ ဝင်တိုးမိမယ်။ စကားပြေကဗျာသည် ပရိဘောဂအမြောက်အမြားနှင့် တိုက်မိပြီးနောက် ပေါက်ကွဲထွက်လာသော ဘာသာစကားဖြစ်တယ်။ဒါဆို ဘာကြောင့်လုပ်တာလဲ။ ထိုသိုသော မိုက်မဲသော လုပ်ငန်းတစ်ခု၏ ဆွဲဆောင်မှုကား အဘယ်နည်း။
ကိုယ့်ကိစ္စမှာ၊ ငါရေးတဲ့ စကားပြေလို ခေါ်တဲ့ ကဗျာတွေဟာ ငါ့ကိုယ်ငါ ခွာကြည့်ဖို့ ကြိုးစားမှုရဲ့ ရလဒ်တွေပဲ။ ငါ့ကိုယ်ပိုင်စိတ်ကူးနဲ့ ငါ့ကိုယ်ပိုင်ဦးနှောက်တွေ ကင်းစင်ဖို၊ မမြင်နိုင်တဲ့ အကျိုးဆက်တွေရဲ့ စွန့်စားခန်းကို စတင်ဖို၊ ငါ့ရဲ့ ကြီးကျယ်တဲ့ အိပ်မက်ဟာ ဆက်ရှိနေဖို့။
အခြားသူများတွေက ဘုရားသခင်ထံ ဆုတောင်းကြတယ် ။ ငါ့ကိုယ်ငါခေါ်တဲ့ ဒီထောင်ကထွက်လမ်းကို ပြနိုင်ပါစေလို ငါက ကံကြမ္မာထံမှာ ဆုတောင်းတယ်။
ကြိုတင်ပြင်ဆင်မထားဘဲ အမြန်ရေးခြစ်ပြီး အချုပ်ခန်းတံခါးသည် တစ်ခါတစ်ရံ ပွင့်သွားတယ် ။ ကျွန်တော် စွမ်းဆောင်အောင်မြင်ခဲ့တဲ့အရာတွေကို ဘယ်လိုများ အောင်မြင်အောင်လုပ်ခဲ့လဲဆိုတာကို တစ်ခုမှ မသိခဲ့ဘူး။ ဒီလိုအရေးအသားမျိုးတွေမှာ ပဋိသန္ဓေစိတ်ကပဲ ဦးဆောင်တာ။ ကိုယ့်စာပေဆိုင်ရာအစွမ်းအပေါ် မူတည်ပြီး မှန်ကန်တဲ့ လှုပ်ရှားမှုကို ပြုကြရာတာမျိုး။ ကဗျာတစ်ပုဒ်ဖြစ်တည်နေတာကို သိဖို့လုပ်ကြရတာမျိုး။
ကျွန်တော့်အတွက်ကတော့ စကားပြေကဗျာဟာ ဖြူစင်တဲ့ စာပေဖန်တီးမှုတစ်ခု၊ သဟဇာတမဖြစ်တဲ့ နည်းဗျူဟာနှစ်ခု၊ လိရစ်စာသားနဲ့ ဇာတ်ကြောင်းရဲ့ ဘီလူးကလေးပါ။ တစ်ဖက်ကပြောရမယ်ဆိုရင် ပုံတစ်ပုံတစ်ဝိုက်တွင် အချိန်ကိုရပ်တန့်စေလိုသည့်ဆန္ဒရှိပြီး အခြားတစ်ဖက်မှာလည်း ဇာတ်လမ်းနည်းနည်းလောက်ပြောချင်တာမျိုးပေါ့။ ရည်ရွယ်ချက်မှာ စာကြောင်းတွေနဲ့ ရေးထားသော ကဗျာတစ်ပုဒ်တွင်ကဲ့သိုပင် စာဖတ်သူသည် သူဖတ်ဖူးသမျှကို ပြန်လည်ဖတ်ရှုလိုသော အဆုံးမရှိသောဆန္ဒကို နှိုးဆွရန်ဖြစ်တယ်။ တစ်နည်းဆိုရသော် စကားပြေနှင့်တူသော်လည်း ကဗျာတစ်ပုဒ်ကဲ့သို ပြုမူသည်။ ဒုတိယ၊ တတိယ၊ နှင့် အကြိမ်ငါးဆယ်စာဖတ်ခြင်းက ပိုကောင်းပါလိမ့်မယ်။ မင်းငါ့ကိုဘယ်တော့မှငြီးငွေ့မှာမဟုတ်ဘူးလို ကတိပေးတယ်။ ငါပြောတာကို မင်းမယုံရင် Rimbaud ရဲ့ Illuminations ဒါမှမဟုတ် Russell Edson ရဲ့ အကောင်းဆုံးကဗျာအချို့ကို ဖတ်ကြည့်ပါ။ မကုန်ခန်းနိုင်ကြပါဘူး။
လွတ်လပ်သောစိတ်ကူးစိတ်သန်း၏ အမှန်တကယ်ထွက်ပေါ်လာခြင်းအတွက် လမ်းညွှန်ချက်ပေးရန် ကြိုးစားခြင်းသည် အဓိပ္ပါယ်မဲ့သော်လည်း၊ ကျွန်ုပ်သည် အောက်ပါတိုကို ပြောနိုင်ပါတယ်။
စကားပြေကဗျာရဲ့ လျှို့ဝှက်ချက်ဟာ သူ၏အကျဉ်းရုံးဆန်မှုနဲ့ အံ့အားသင့်ဖွယ်ရာ ဖြစ်တယ်။ လင်းလက်တောက်ပနေရမည်၊ ထိတွေ့မှုမှာလည်း ပေါ့ပါးနေရပါမည်။ ဟာသဆန်တဲ့စိတ်က သူ့ရဲ့ ကဗျာနတ်သမားလို့ဆိုရမယ်။ အကြောင်းအရာတိုင်းကို ရယ်မောပြီး မရိုမသေ ပြုမူခြင်းသည် များသောအားဖြင့် ထုံးစံဖြစ်သည်။ ကဗျာကို သူ့အကျင့်၊ သူ့စနစ်ကနေ လွတ်ကင်းစေဖို့ စကားပြေကဗျာဟာ သူ့ကိုယ်သူ သိပ်အလေးအနက်မထားဖို့လိုပါမယ်။ ရေးဖို့ကလည်း မဖြစ်နိုင်သလောက်၊ ကဗျာဆရာနဲ့ ဝေဖန်ရေးဆရာများစွာတို့ရဲ့ မျက်လုံးထဲမှာလည်း တရားမဝင်ဘူးလို့ မှတ်ယူထားတာမို့ သူဟာ အသက်ရှင်သန်ဖို့အတွက် အပယ်ခံဘဝနဲ့ လှောင်ရယ်စရာကောင်းတဲ့အရာဖြစ်နေရမှာဖြစ်တယ်။
The life of Images : selected prose by Charles Simic စာအုပ်မှ The Poetry of Village Idiots ကို ဘာသာပြန်တယ်။