The Government Lake သေသူ၏မိတ်ဆွေ

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

သေသူ၏မိတ်ဆွေ


အုပ်ချုပ်ရေးရုံးဝပြင်ရှိ ခုံတစ်ခုတွင် လူအိုတစ်ဦး ထိုင်နေသည်။ ကျွန်တော် ဖြတ်လျှောက်သွားသောအခါသူက“ ဟေ့လူငယ်၊ အကြွေတချို့ပေးခဲ့ပါလား” ဟုပြောသည်။ ကျွန်တော်အိတ်ကပ်ထဲနှိုက်ပြီးနောက် ဆက်ဖြစ်သွားသည်မှာက သူ လဲကျသွားခြင်းပင်။ သူနောက်နေတာပဲလို့ ကျွန်တော်ထင်ခဲ့သော်လည်း သူက အတန်ကြာသည်အထိ မလှုပ်မယှက်။ ကျွန်တော် သူဆီသွားပြီး ကြည့်သည်။ သူသွေးမခုန်တော့။ ကျွန်တော်တစ်မိနစ်လောက် အဲဒီမှာရပ်နေပြီးဘာလုပ်ရမှန်းမသိ၊ မရေရာတော့ပေ။ တစ်ယောက်ယောက် ရုံးထဲကထွက်လာတော့ ခုံတန်းရှည်မှာ လူသေတစ်ယောက်ရှိတယ်လို့ သူ့ကို ကျွန်တော်ပြောသည်။ သူကသူ့နာရီကိုကြည့်ပြီး“ စိတ်မကောင်းပါဘူး။ ငါ့မှာ အရေးတကြီးလုပ်စရာရှိလို့”လို့ ပြောသည် ။ရဲတစ်ယောက် လမ်းထောင့်မှာရပ်၊အသွားအလာညွှန်နေတာကို ကျွန်တော်လှမ်းမြင်တော့ သူ့အနားရောက်အောင် တစ်ပြလောက်ပြေးလိုက်ပြီး “အရာရှိ၊ ခွင့်ပြုပါ၊ ဒါပေမယ့် လမ်းပေါ်မှာပဲ သေဆုံးသွားတဲ့ လူတစ်ယောက်ရှိနေလို့ပါ။ ကျေးဇူးပြုပြီး လိုက်ကူညီပေးနိုင်မလား” “ငါက ဒီလောက်အလုပ်များတဲ့လမ်းဆုံက ယာဉ်ထိမ်းတာဝန်ခံဆိုတော့ မကူညီနိုင်ဘူး”လို့ ပြန်ပြောသည်။ကျွန်တော် ထောင်းကနဲ ဒေါသတချက်ထသွားပြီးနောက် အလောင်းရှိရာဆီ အသုတ်ပြန်လိုက်သည် ။ခန ရပ်ရင်း ကျွန်တော် ကိုယ့်လက်ကိုယ် ဖျစ်ညှစ်ပွတ်သပ်နေမိသည် ။နောက် ရုံးလှေကားပေါ်ပြေးတက်သည်။အဲဒီမှာ အလုပ်လုပ်ပုံရတဲ့ ပထမဆုံးလူနား ကျွန်တော်ရပ်လိုက်သည် “ကျေးဇူးပြုပြီး ကူညီပေးပါလား။ လူတစ်ယောက် အပြင်ဘက်ခုံတန်းရှည်ပေါ်မှာသေဆုံးသွားတယ်။ သူ့ကိုသယ်ဖို့တစ်ယောက်ယောက်လိုတယ် ” “နောက်ရုံးက လူကို သွားတွေ့ပါ” ဟု သူကပြောပြီး ထွက်သွားသည်။ ကျွန်တော်နောက်ရုံးခန်းထဲသွားတော့ စားပွဲမှာရှိနေတဲ့လူက “ ငါ ဘာကူညီပေးရမလဲ” မေးသည်။“ ဟုတ်ကဲ့ခင်ဗျ။ ဒီအဆောက်အ ဦး အပြင်ဘက်မှာ လူသေတစ်ယောက်ရှိတယ်။ သူ့ကိုပြောင်းရွှေဖို့ ခင်ဗျားစီစဉ်နိုင်မလား” လို့ ကျွန်တော်ပြောတော့ “ဒီပုံစံတွေကိုဖြည့်ပါ။ နောက်ရုံးကလူကမင်းကိုတွေ့လိမ့်မယ်” လို့ သူကပြောသည်။ ကျွန်တော်ပုံစံတွေကို ယူပြီး သူ့ရုံးခန်းအပြင်ဘက်မှာ ထိုင်လိုက်သည်။ မေးခွန်းတွေရဲ့အဖြေကို ကျွန်တော်မသိ၊ ကွယ်လွန်သူရဲ့နာမည်က ဘာလဲ။ သူ့နေရပ်လိပ်စာ၊ သူ့အသက်လား ၊ဆွေမျိုးနီးစပ်များနှင့် ဘာညာမဆုံးတော့။ ပုံစံများကို အမှိုက်ပုံးထဲပစ်လိုက်ပြီး အဆောက်အဦးထဲကနေ လမ်းလျောက် ထွက်လာလိုက်သည်။ အလောင်းဘေး ခုံတန်းရှည်ပေါ်မှာထိုင်လိုက်ကာ “ခင်ဗျားကို ဘယ်သူမှမလိုချင်ဘူး”လို့ ကျွန်တော် အလောင်းကိုပြောသည်။” ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ” ။ထို့နောက်မိနစ်အနည်းငယ်လောက်ထိုင်နေရာမှ မတ်တပ်ထရပ်ပြီး“သွားစို့ ၊ အဖိုးကြီး။ အိမ်ပြန်မယ်” လို့ ကျွန်တော် ပြောလိုက်တော့သည်။

ဘဘဝ
The Dead Man’s Friend from The Government Lake” by James Tate