ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
ထပ်ခိုးပေါ်အရွေ့
ဆင်ဝင်တခါးတွန်းဖွင့်နေတုန် ကျွန်တော် ကြမ်းပြင်ပေါ် ရုတ်တရက်လဲကျတယ်။ ဘယ်လို ဖြစ်သွားမှန်းတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့်ကျွန်တော် ပြန်ထပြီး၊ ကိုယ့်ကိုယ်ကို ဖုတ်ဖက်ခါလိုက်တယ်။ အဲဒီမှာ တစ်မိနစ်လောက် ရပ်နေတယ်။ ခေါင်းထဲမှာ မူးနောက် ဝေးဝါးနေတယ်။ ကိုယ့်ကိုယ်ကို ဘယ်နားဘာဖြစ်သလဲ စမ်းကြည့်တော့ ဘာမှ မဖြစ်သလို ခံစားရတယ်။ အားလုံးအကောင်းပကတိလိုပဲ။ တံခါးများ ကျိုးသွားလားလို့ စမ်းကြည့်တယ်။ အကောင်းပကတိ အတိုင်းဘဲ။ ငလျင်လှုပ်တာ ဖြစ်နိုင်တယ်။ မီးဖိုးချောင်ထဲ၀င်တယ်။ လက်ဖက်ရည်ခွက် ခေါင်းပေါ် ပြုတ်ကျတယ်။ အင်မတန် ထူးဆန်းတယ်လို့ကျွန်တော်ထင်တယ်။ ခေါင်းပေါ်က ဟာတွေကို ခါချလိုက်တယ်။ ဧည့်ခန်းထဲ ပြန်သွားပြီး၊ ဆိုဖာပေါ် ထိုင်ချလိုက်တယ်။ သတင်းစာကောက်ဖတ်တယ်။ မိန်းကလေးတစ်ယောက် တွင်းထဲ ကျပြီးနောက် ဘယ်တော့မှ ပြန်မတွေ့တော့တဲ့အကြောင်းကို ဖတ်တယ်။ ဖတ်ပြီး ကြေကွဲဝမ်းနည်းရတယ်။ ဘယ်လိုဖြစ်ရတာပါလိမ့်။ အရာရာတိုင်းမှာ အဆုံးရှိစမြဲ။ ထိုင်နေတဲ့ဆိုဖာ အိကျလာတယ်။ ကြမ်းပြင်နဲ့ ဆောင့်မိတော့မလား ထင်ရ။ တကယ်လည်း ဆောင့်မိတယ်။ ပြန်ထတယ်။ ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်တယ်။ ဒါ ငါ့အိမ်မှ မဟုတ်တာ။ ဟာ ငါ့အိမ်ပါ။ နံရံပေါ်မှာ ပင်ဂွင်းလေးနဲ့ သူ့ဘေးမှာပင်လယ်ဖျံ ရှိတယ်။ အားလုံးကို ပြန်မှတ်မိတယ်။ ကြမ်းပြင်ပေါ်က တီကောင်လေး အထိမှတ်မိလာတယ်။ ပိုလင်းတဲ့ပြတင်းပေါက်ဘေး ကုလားထိုင်ဆီကို ကျွန်တော်ရွေ့လိုက်တယ်။ မကြည့်ချင်ပေမယ့်လည်း ကျွန်တော့်လက်ကိုကြည့်လိုက်တယ်။ အားလုံး ကွေးကောက် တွန့်လိမ်းပြီး မီးခိုးရောင်ဖြစ်လို့။ မီးဆိုင်းကလည်း လှုပ်ရမ်းနေတယ်။ ပြီးအားလုံး ရုတ်တရက် တိတ်ဆိတ်သွားတယ်။ လက်တွေရောပါးတွေရော အရောင်တွေထွက်လို့။ ကျန်းမာသန်စွမ်းပြီး သတိလည်းအပြည့်ရှိသလို ခံစားမိတယ်။ လှေကားထစ်ကနေ ထပ်ခိုးကိုကြည့်လိုက်တော့ သမင်တစ်ကောင် ရပ်နေတာတွေ့တယ်။ လိပ်ပြာထွက်မတတ်ပဲ။ ဒါပေမယ့်သမင်ကတည်ငြိမ်အေးဆေးပြီး၊ ဟိုဒီ ကြည့်တယ်။ သူ ကျွန်တော့်ဘက်ကို လှည့်လျှောက်လာတယ်။ စားပွဲပေါ်မှာ ရှိတဲ့ ကွတ်ကီးဗူးထဲက ကွတ်ကီးတွေ သူ့ကိုကျွေးတယ်။ သူအတော် ကြိုက်ပုံရတယ်။ ကွတ်ကီးအားလုံးကုန်တော့ မီးဖိုချောင်ထဲကို ကျွန်တော်၀င်တယ်။ သူ ကျွန်တော့်နောက် လိုက်လာတယ်။ ရေခဲသေတ္တာကို ဖွင့်ပြီးဆလပ်ရွက်တစ်ဆုပ် သူ့ကိုကျွေးလိုက်တယ်။ အဲဒါပြောင်တော့ ဟင်းနုနွယ်ရွက် တစ်ခွက်ကျွေးတယ်။
ကျွန်တော်တို့ မိတ်ဆွေကောင်းတွေ ဖြစ်လာကြပြီ။ နောက်ဆုံးတော့ တခါးခေါက်သံကြားတယ်။ လူတစ်ယောက် တံခါးမှာ ရပ်နေတယ်။ သူက “ဒါ ငါ့သမင်လို့ပြောတယ်။” ‘မဟုတ်ဘူး မင်းမဟုတ်ဘူး၊ ငါ့ဟာ” လို့ ကျွန်တော်ပြောတယ်။ သူတကယ်ရူးနေတာ။ သူက “ဒါ မင့် သမင် မဟုတ်ဘူး။ ငါ့ဟာ။ ငါ ကျိမ်ပြောရဲတယ်” လို. ပြောတယ်။ ကျနော်တို့ ငြင်းခုံနေတုန်း သမင်က ဆင်၀င်ဖက် ထွက်သွားပြီး၊ လက်ရမ်းပေါ်ကနေ ခုန်ထွက်သွားလိုက်တာ၊ နောက်ဘယ်တော့မှ ပြန် မတွေ့ရတော့ဘူး။








