ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင် နှင့်အခြား
သောမတ်စ်ကလွဲ
ဘဓါးပြတိုက်နေတယ်ဆိုတာသိလို့ ငါဘဏ်ထဲကနေထွက်လာတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ထွက်ပဲပြေးရမလား၊ ဒါမှမဟုတ် ချုံပုတ်ထဲမှာပဲပုန်းရမှာလား လမ်းတွေပျောက်တယ်။ ဒါကြောင့် ဘာမှမစဉ်းစားဘဲ ငါလှည့်ပြီး ဘဏ်ထဲပြန်၀င်လိုက်တယ်။ သူခိုးကငါ့ကိုတွေ့တော့ ”၀ပ်နေစမ်း” လို့ပြောတယ်။ သူခိုင်းတဲ့အတိုင်းကြမ်းပေါ်ကို ဝပ်ချလိုက်တယ်။ ပြီးတော့ ငါ့ကို လက်ညှိုးထိုးပြီး “မင်းထ၊ မင်းငါနဲ့အတူလိုက်ခဲ့” လို့ပြောတယ်။ ငါလည်းထပြီး သူ့နောက်လိုက်သွားတယ်။ ငါတို့ သူ့ကားထဲရောက်ပြီးတာနဲ့ အသားကုန် နင်းတော့တယ်။
မီးနီတွေဖြတ်၊ တွေ့သမျှကားအကုန် ကျော်တက်တယ်။ နောက်ဆုံး ကားပါကင်တစ်ခုဆီရောက်တယ်။ ငါတို့ကားထဲကထွက်ပြီး နောက်ကားတစ်စီးပြောင်းတယ်။ အနက်ရောင် ရှိဗီကားပေါ့။ အဲ့ကနေထွက်ပြီးကတည်း ငါတို့ပုံမှန်ပဲ မောင်းတယ်။ မီးပွိုင့်မှာလည်းရပ်သလို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အားလုံးကို လိုက်နာတယ်။မြို့နယ်နမိတ်ကျော်ပြီး ကျေးလက်ဘက်ကိုမောင်းတယ်။ ပိုကောင်းတာမကြုံဖူးဘူးဆိုရင်တော့ ခုလိုကားစီးရတာ အတော်ဇိမ်ကျတယ်။ လှပတဲ့သစ်ပင်တွေနဲ့ တစ်မျိုးထူးတဲ့ရှေးအိမ်လေးတွေက လန်းတယ်။ တစ်နာရီခန့်မောင်းပြီး လမ်းသွယ်ဘက် ချိုး၀င်လိုက်တယ်။အဲ့လမ်းအတိုင်း နောက်ထပ် မိနစ်နှစ်ဆယ်လောက် ဆက်မောင်းသွားတယ်။ အဲဒီနောက် အိမ်လေးတစ်လုံးမှာရပ်ပြီး ကားပေါ်ကဆင်းတယ်။ အိမ်ထဲဝင်၊ မီးဖွင့်တယ်။ “ထိုင်ဦး“ လို့ သူပြောတယ်။ ငါထိုင်လိုက်တယ်။ သူ ကြိုးတစ်ချောင်း ထုတ်လာပြီး ငါ့ကိုချည်ပါရော။ နောက်တော့ သူလုပ်နေတာတွေကို ငါ ကြည့်နေလိုက်တယ်။ သူ့ပခုံးလွယ် ပစ္စတိုအိတ်ထဲကသေနတ်ကို ထုတ်တယ်။ ကော်ဖီဖျော်တယ်။ လိုက်ကာတွေ ချတယ်။ သူစိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့်အခြေအနေကောင်းခဲ့လို့ စိတ်သက်သာနေတယ်။ သုံ့ပန်းတစ်ယောက်လို ငါ့ကိုကြိုးနဲ့တုတ်ထားပေမယ့် တစ်မျိုးတော့ လုံခြုံမှုရှိသား လို့ ငါထင်တယ်။ သူငါ့ကိုကြည့်ပြီး “ခင်ဗျားဘာတွေးနေလဲ” လို့မေးတော့ “တော်တော်လေးအဆင်ပြေတယ်” လို့ ငါပြောတယ်။ “ဖြစ်ရမယ်လေ။ ခုထိတော့ အားလုံးစီစဉ်ထားတဲ့အတိုင်းပဲကွာ” လို့ သူပြောတယ်။ “ငါဘယ်သူလဲဆိုတာ သူတို့မသိကြဘူး။ ပြီးတော့ ငါ သေသေသပ်သပ် ပြန်လစ်နိုင်ခဲ့တယ်လေ”။ “ကောင်းပြီ၊ ငါတို့ဒီမှာပဲ အောင်းကြတာပေါ့။ ဘယ်သူမှ ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး”လို့ ငါပြောတယ်။ သူ မီးဖိုကိုသွားပြီး ဟော့ဒေါ့တွေ ချက်ပြုတ်တယ်။
သူနဲ့အတူစားဖို့ ချည်ထားတဲ့ကြိုးကို ဖြေလျော့ပေးတယ်။ “ဒီနေရာလေးက မိုက်တယ်”လို့ ငါပြောတော့၊ “အင်း၊ ဒါက ငါ့အဖိုးရဲ့ ‘ဘိ’ ကွ” လို့ သူပြောတယ်။ နေ့လည်စာစားပြီးတာနဲ့ ငါ့ကို ကြိုးပြန်ချည်တယ်။ ပြီးတော့ သူက “ငါခဏမှေးလိုက်အုံးမယ်” လို့ပြောတယ်။ “ကောင်းပါပြီဗျ-အိပ်ပါ”လို့ ငါပြန်ပြောတယ်။ ပြီးတော့ နာရီအနည်းငယ်ကြာ သူအိပ်တယ်။ ရက်သတ္တပတ်များစွာကြာပြီးတဲ့အခါ ငါ့ကို ကြိုးဖြည်ပေးဖို့ သူဆုံးဖြတ်တယ်။ ငါအိမ်အလုပ်တွေကူလုပ်တယ်။ ထင်းခွဲတယ်။ ကြမ်းတိုက်တယ်။ တစ်ခါတစ်လေဘာလေးညာလေးချက်တယ်။ ငါ့တို့ အတွဲပိုညီလာတယ်။ သူ့ကိုငါ အရမ်းချစ်ခင်လာခဲ့တယ်။
ပြီးတော့ သူလည်းငါ့ကို သဘောကျတယ်ဆိုတာ ငါသိတယ်။ ဒါက ငါတို့အိမ်ပဲ။ ဘယ်သူမှ ဒီအိမ်က မခွါချင်တော့ဖူး။ ငါတို့လိုချင်တာဝယ်ဖို့ ငါးမိုင်လောက်အကွာမှာ ကုန်စုံဆိုင်တစ်ဆိုင်ရှိတယ်။ ဆောင်းရာသီစားဖို့ကျ သမင်လိုက်တယ်။ တစ်ကောင်ဆို ဖူလုံပြီ။ တစ်နေ့ သောမတ်စ်ဖျားတယ်။ သူငါ့ကိုဆရာဝန် မခေါ် ခိုင်းဘူး။ တစ်ပတ်အကြာမှာ သူသေတယ်။ အံ့ဩတာက ဘဏ်ဓါးပြတိုက်လို့ရတဲ့ငွေ နဲ့ ဒီအိမ် အားလုံးကို ငါ့အတွက် ချန်ထားခဲ့တယ်။ မိန်းမလဲမယူ၊သားသမီးလဲမမွေးပဲ ငါ့ဘ၀ရဲ့ လက်ကျန်အချိန်တွေကို အဲ့မှာပဲ ကုန်ဆုံးလိုက်တော့တယ်။ ငါလိုချင်တာအကုန်ရှိတယ်။ ငါလိုအပ်တာအကုန်ရတယ်။ သောမတ်စ်ကလွဲရင်ပေါ့လေ။








