ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
အယ်လ်ဗစ်စ်အိမ်ကိုစွန့်ထားခဲ့ပေါ့
တောကြောင် သည်အိမ်ခေါင်မိုးပေါ်ရောက်ပြီးဆင်းမလာဘူး။ ဒါနဲ့ ကျွန်တော် ခဲနဲ့ပေါက်တော့ ကိုယ်တော်ချောက ကျောက်ခဲရှောင်ရင်း ကနေတယ်ဗျား။ နောက်ဆုံးတော့ ကျွန်တော် သေနတ်သွားယူဖို့ဆုံးဖြတ်လိုက်တယ်။ ကားဂိုဒေါင်ထဲကလှေကားယူပြီး ခေါင်မိုးပေါ်တက်လိုက်တယ်။ ဒီကောင့်ကို ချိန်တယ်။ ပစ်တယ်။ သူက အရူးလို ကနေတော့ လွဲသွားပြီး၊ ခေါင်မိုးတော့ပေါက်သွားတယ်။
ဘေးအိမ်က ဒဲန်နီဆိုတဲ့ ကောင်လေး သူ့အိမ်ထဲကပြေးထွက်လာပြီး “မပစ်ပါနဲ့ဗျာ၊ ဒါကျွန်တော့် မွေးထားတဲ့ကောင်လေးပါ”လို့ အော်ပြောတယ်။ ကျွန်တော်လှေကားပေါ်ကလှည့်ပြီး သူ့ကို သံသယနဲ့စိုက်ကြည့်မိတယ်။ “ကောင်းပြီ၊ မင်းသူ့ကိုခေါ်နိူင်မယ်ဆိုရင် ပြန်ယူလေ“ လို့ ကျွန်တော် ပြောလိုက်တယ်။ သူက လှေကားခြေရင်းနားမှာရပ်ပြီး “ဘီလီရေ ဒီကိုလာ၊ လာ” လို့ ခေါ်လိုက်တယ်။ အံ့သြစရာဗျာ တောကြောင်လေးဆင်းလာတယ်၊ သူ့သခင့်ဆီခေါင်းဝှေ့တိုးပြီး နှစ်ဦးသား ဒင်နီရဲ့အိမ်ဘက်ကို ထွက်သွားကြတယ်။
ကျနော်လည်းလှေကားကို ပြန်သိမ်း၊ သေနတ်ကိုင်ပြီး အိမ်ထဲကို ပြန်ဝင်လိုက်တယ်။ စာဖတ်ခန်းထဲ၀င်ပြီး ခဏ အလုပ်လုပ်တယ်။ သုံးနာရီလောက်အတွင်း အလုပ်နဲ့ပါတ်သက်တဲ့ အစီရင်ခံစာပြီးတော့ ခဏတဖြုတ်အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။
ကျွန်တော်ဧည့်ခန်းထဲသွားပြီး ခုံရှည်ပေါ်မှာ တစ်နာရီလောက် အိပ်တယ်။ နိုးလာတဲ့အခါမှာတော့ တောကြောင် ဟာ ကျွန်တော့်ပေါင်ကြားထဲ ရောက်နေတယ်။ ကျွန်တော်လန့်ဖျတ်ပြီးငယ်သံပါအောင် အော်လိုက်မိတယ်။ သူ့အပေါ်စိတ်ကောင်းထားပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်တော့သူ သဘောကျနေပုံရတယ်။ အဲ့သလိုလေး နောက်ထပ် နာရီ၀က်လောက် တံခါးခေါက်သံကြားတဲ့အထိနေနေလိုက်တယ်။
ကျွန်တော် တောကြောင်လေးကို ပွေ့ချီပြီး အိမ်တံခါးကို လျှောက်သွားတယ်။ ဘေးအိမ်က ဒင်နီ ဆိုတဲ့ကောင်လေးပေါ့။ “ကျွန်တော့် တောကြောင်လေး ပြန်ခေါ်သွားလို့ရမလား” လို့ သူက မေးတယ်။ “သူဒီကို ဘယ်လိုဝင်လာတယ်ဆိုတာ ငါမသိဘူး။ တကယ်ကိုမသိဘူး။ ရော့ မင်းကောင်ကြီး။ ပြန်ခေါ်သွားပေတော့။ ဒါနဲ့ စကားမစပ်သူ့နာမည်က ဘာလဲ”။ “အဲလ်ဗစ်စ် ပါ” လို့ ပြောပြီး ၊ တောကြောင်လေးကို ဆွဲယူလိုက်တယ်။
ရက်အတန်ကြာ ကျွန်တော်လည်းခြံထဲမှာ တစ်နေကုန် အတော် ကြိုးကြိုးစားစား၊ ပင်ပင်ပန်းပန်းလုပ်နေရတယ်။ စောစောစီးစီး အိပ်ရာဝင်တယ်။ မနက်နိုးတော့အဲလ်ဗစ်စ်ကကျွန်တော့် ရင်ခွင်ထဲမှာ။ ဒါဟာ သဘာဝကျပြီး၊ဇိမ်ကျတယ်လို့ ထင်မိတယ်။ ပြီးတော့ သူ့ကို ကျွန်တော်နမ်းလိုက်တယ်။ သူ သဘောကျပုံ ရတယ်။ ကျွန်တော်ထပြီး ပြောင်းဆံနဲ့ နို့ ရောပြီးသူ့ကို မနက်စာ ကျွေးလိုက်တယ်။ သူကြိုက်တယ်။ ကျွန်တော်တစ်နေ့လုံး ဟိုလုပ်ဒီလုပ် လုပ်တယ်။ အဲလ်ဗစ်စ်က ကျနော့်နောက်က တကောက်ကောက် လိုက်ရှာတယ်။ သူ အဲ့ည အိမ်မှာပဲ အိပ်တယ်။ နောက်တစ်ညလည်း အိမ်မှာပဲ။ တကယ်တော့ သူက အမြဲတမ်းအိမ်ငှါးဖြစ်ချင်ပုံရတယ်။ ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်တွေ လုပ်သလို၊ စားတော့လည်း အတူတူစားကြတယ်။ ကျွန်တော်တို့ အတူတူ အိပ်ကြတယ်။ ဆောင်းရာသီတစ်နေ့ သစ်ရွက်ကြွေတွေကို ထွန်ခြစ်နဲ့ဆွဲ၊စုနေတုန်း ဘော့နဲ့ဆူဆန်ကို သူတို့ခြံထဲမှာတွေ့လိုက်တယ်။ သူတို့က ဒင်နီရဲ့ မိဘတွေပါ။ သူတို့ကိုနှုတ်ဆက်၊ အလာပသလာနည်းနည်းပါးပါး ပြောပြီးတဲ့အခါ “ဒင်နီနေကောင်းလား” လို့မေးလိုက်တယ်။ “ခင်ဗျားသိတယ်လို့ထင်နေတာ။ ပြီးခဲ့တဲ့ နွေရာသီက ဒင်နီ သေသွားတယ်။ ပိုလီယိုနဲ့ကြောင့်” လို့ ဘော့ ကပြောတယ်။ “အိုး စိတ်မကောင်းလိုက်တာ။ ခင်ဗျားတို့သူ့ကို အရမ်းလွမ်းနေမယ်ဆိုတာ ကျနော်သိပါတယ်။” လို့ ပြောလိုက်တယ်။ ပြီး ကျွန်တော်ရွက်ကြွေတွေ စုပုံပြီးတော့အိမ်ထဲကို ပြန်ဝင်ခဲ့တယ်။ ရေးစရာရှိတာရေးပြီး ခဏမှေးစက်လိုက်တယ်။ နောက် ညစာပြင်တယ်။ တစ်ခုတော့ထူးနေတယ်။ အဲလ်ဗစ် မရှိဘူး။ ကျွန်တော်အိမ်အနှံ့ လိုက်ရှာကြည့်ပေမဲ့ အဲလ်ဗစ်စ်ကတော့ မရှိတော့ဘူး။








