လွင့်မျောနေတဲ့တံတား (ဘာသာပြန် စကားပြေ ကဗျာ) – ၀4
PROSE POEMS
DAVID SHUMATE

ဒါလီနဲ့ အလည်ထွက်ခြင်း
ခုနစ်ပေရှည်တဲ့ ကုလားမခြေထောက်ပေါ်ကနေ သူ ကျုပ်တို့ကို အဝင်ဝမှာ နှုတ်ဆက်တယ်။ သူ ဦးထုပ်လုံး ဆောင်းထားတယ်။ အဖြူရောင် အပေါရုံကုတ်။ အပြာရောင် ကောင်းဘွိုင်ဖိနပ်။ အသံချဲ့စက်နဲ့ စကားပြောပြီး ဗျည်းသံတွေနဲ့ပဲ ပြောတယ်။ ပျံဖို့ကြိုးစားသလိုမျိုး သူ့တံတောင်ဆစ်တွေကို အတောင်ခတ်သလို ခတ်တယ်။ ညစာစားပွဲတက်အင်္ကျီ၀တ်ထားတဲ့ အစေခံတွေက ကျုပ်တို့ကို ထမင်းစားခန်းကို ခေါ်သွားပြီး ရေခုနစ်ခွက် ပေးတယ်။ တစ်နာရီကြာတော့ အဝတ်ဗလာ အမျိုးသမီး တစ်ဦးက မက်မွန်ချဉ် ဆမ်းထားတဲ့ ငှက်ပိတုန်းကြော်တစ်ပွဲ လာချတယ်။ ကျန်တဲ့အချိန်တွေကိုတော့ တွေးကြည့်ပေါ့။ ရှာလကာရည်အပြည့်နဲ့ ရေကူးကန်။ ကုလားဖဲချည်း ငါးဆယ့်နှစ်ချပ်ပါ ဖဲထုပ်တစ်ထုပ်။ ရေညှိတက်နေတဲ့ Cadillac ကားနဲ့ ခြံထဲကို ပတ်ကြည့်တာ။ သစ်ကုလားအုတ်နဲ့ စပ်ကျတဲ့ နွားတွေ။ ကျွန်ုပ်တို့ ပြန်မယ်ပြောတော့ သူ စိတ်ဓာတ်ကျပြီး ဆက်နေပါဦးလို့ တောင်းဆိုတယ်။ မနက်ဖြန် သူက မိန်းမဦးခေါင်းနဲ့ ကြံ့တွေ၊ လူ့လက်တွေနဲ့ ပင့်ကူတွေကို ပြမယ်တဲ့။ ။ အခု ဒူးထောက်လျက်။ သူ့လက်တွေက ဆုတောင်းနေတဲ့ ဟန်နဲ့။ ဒါပေမယ့် ကျွန်ုပ်တို့မှာ သွားစရာ အများကြီးကျန်သေးတယ် လို့ သူ့ကို သတိပေးတယ်။ နောက်လည်း ကျနေပြီ။ သက်သေအဖြစ် နံရံပေါ်က နာရီကို လက်ညှိုးထိုးပြတယ်။ နာရီလည်း အကုန်လုံးနီးနီး အရည်ပျော်နေပြီ။
ဘဘဝ
A Visit With Dali ; the floating bridge by David Shumate
ဘုရားတွေ
ခုခေတ်မှာ ငါ ဘုရားတွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေတယ်။ ဟိန္ဒူနဲ့ ဂရိ။ နော့စ်နဲ့ အီဂျစ် မကွဲ။ အသီးအနှံအထွက်ကောင်းဘို့ ဗီးနပ်စ်ကို ငါ ဆုတောင်းတယ်။ ချောမောလှပတဲ့ လက်တွဲဖော်ရဘို့ သော်ဝ်( Thor ) ဆီ ဆုတောင်းပေမယ့် သူက ပမာမခန့်။ သူဘယ်လိုခံစားရမယ်ဆိုတာ ငါသိတယ်။ တစ်ခါတလေ လူတွေက ကျွန်တော့်ကို လမ်းမှာ ရပ်ပြီး စတီဗ်လို့ ခေါ်ကြတယ်။ အယ်လ်ဂျီးရီးယားမှာ ကျွန်တော်တို့ ပျော်ခဲ့တဲ့ အချိန်တွေအကြောင်း သူတို့ စပြောကြတယ်။ သူတို့က အာရဗီသီချင်းကို သံပြိုင်သီဆိုပြီး ရယ်ကြတယ် ဒီစတီဗ်ဆိုတဲ့လူ လုပ်တတ်လို့ ကျွန်တော်လည်း လိုက်ရယ်ရမယ့် သဘောပေါ့။ ကျွန်ုပ်ရဲ့ ပြက်ပြယ်နေတဲ့ မှတ်ဉာဏ်ကို အစားထိုးဘို့အတွက် ကျွန်ုပ် ဘုရားအားလုံးနဲ့ သူတို့ရဲ့ တာဝန်ယူရမှာတွေကို စာရင်းပြုစုထားတယ်။ ဒါကို ငါ သွားလေရာရာ ဆောင်သွားတယ်။ ဘုရားတစ်ပါး ပါးနဲ့ ဘယ်အချိန် လမ်းမှာပက်ပင်းတိုးမလည်း မသိနိုင်ဘူးလေ။ ငါ့ကိုယ်ငါ အရူးမလုပ်ချင်ဘူး။ မြောက်အာဖရိကအကြောင်း ပဲ ပြောနေကြတဲ့ တစိမ်းတွေလိုပဲ။ ပြီးတော့စတိဗ်လို့ ခေါ်တဲ့ သူတို့ရဲ့ ကြောင်တောင်တောင် သူငယ်ချင်း။
ဘဘဝ
The Gods ; The Floating Bridges by David Shumate


ဝိဉာဉ်သန့်ရှင်းခန်း လှေကားများ
လူသစ်တွေရောက်လာတဲ့အခါ သွားလာဖို့ သူတို့ကို လှေကားတွေ ပေးတယ်။ သူတို့က နံရံတွေကို မှီပြီး မြန်နိုင်သမျှ မြန်မြန် တက်နိုင်အောင် လေ့ကျင့်တယ်။ အချိန်ကျရင် မြန်မြန်လုပ်ရမှာ။ အဖွင့်တွေမှာ ကြာကြာမခံဘူး။ သူတို့ ဝိဉာဉ်သန့်ရှင်းခန်းမှာ ဖဲကစားကြတယ်။ စကားလုံးတွေ တွဲဖက်ကြတယ်။ မကြာသေးခင်က ကခုန်တာကို လူကြိုက်များလာတယ်။ တင်ပါးအရမ်း လှုပ်တဲ့ ဂျက်ဇ်၊ဖေါက်စ်အကမျိုး။ ဒီရာသီမှာ ဖရဲသီးက လူကြိုက်များပါတယ်။ တံပိုးမှုတ်သံ။ လမ်းလျှောက်ရင် ကြေးကွင်းဂီတ သံ မကြားချင်လို့ကို မရဘူး။ ငါ မကြာမကြာ သူငယ်ချင်းတွေဆီ သွားလည်တယ်။ သူတို့က စောင့်ဆိုင်းခြင်း၏ တိတ်ဆိတ်တဲ့ ဇာတ်လမ်း အကြောင်း ပြောကြတယ်။ အချိန်က မင်းကို ဘယ်လို ရင့်ကျက်စေကြောင်းပေါ့။ ပြီး တစ်ယောက် ထပြီး လှေကားကို နံရံမှာ မှီထောင်တယ်၊ ပြီး ခဏ ထွက်သွားတယ်။ သူပြန်လာတဲ့အခါ ဖရဲသီးတစ်လုံးကို သူ့ပခုံးပေါ်မှာ ဟန်ချက်ချိန်ညှိနေတယ်။ သူ ဖရဲသီးကို စားပွဲပေါ် ဘုန်းကနဲ ပစ်တင် လိုက်တယ်။ တစ်ယောက်ယောက်က ဖရဲသီးကို လှီးလိုက်တယ်။ ပြီးတော့ ငါတို့အားလုံး ဝိုင်းကြိတ် ကြတယ်။
ဘဘဝ
The Ladders of Purgatory : the floating bridges by David Shumate

ပြင်သစ်နိုင်ငံခြားသားတပ်ဖွဲ့
ငယ်ငယ်က ပြင်သစ်နိုင်ငံခြားသားတပ်ဖွဲ့ဟာ ပါရီမှာ ရုံးစိုက်တယ်လို့ ထင်ခဲ့ပြီး အဲ့တပ်ထဲ ဝင်ချင်ခဲ့တယ်။ အဲ့အချိန်မှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ဘဝဟာ ကျွန်ုပ်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အလွန်လိုက်ဖက်ပုံပဲ။ ဒီအစွဲအလမ်းကို နောက်ဆုံး အခြားသူတွေအတွက် အလျှော့ပေးလိုက်တယ်။ အရွယ်ရောက်တဲ့အချိန် ပြင်သစ်နိုင်ငံခြားသားတပ်ဖွဲ့မှာ ဝတ်စားဆင်ယဉ်မှု ပါတီပွဲကို ဒုဗိုလ်၀တ်စုံဝတ်ပြီးတက်တော့ အခြား ဧည့်သည်တွေက တစ်ညလုံး ကျွန်တော့်ကို အလေးပြုကြတယ်။ ဒါဟာ စိတ်လှုပ်ရှားကြည်နူးစရာပဲ။ အနည်းငယ်သောက်ပြီး ညာဘက်ကတပ်စုကို ရှေ့တက်ဖို့နဲ့ ဘယ်ဘက်ကတပ်စုကို ပြန်ဆုတ်ဖို့ အမိန့် ထုတ်ရင်း ပတ်လျှောက်နေခဲ့တယ်။ ခဏကြာတော့ ဧည့်သည်တစ်ဝက်လောက်က ရေကူးကန် တစ်ဖက်ခြမ်းမှာ ခက်ရင်းတွေကိုင်ရင်း စုဝေးလာကြပြီး ကျန်တဲ့သူတွေက ဟိုဖက်ခြမ်းမှာ ဓားရေး ပြနေကြတယ်။ ဒီပွဲဟာ ဆိုးဆိုးရွားရွား အဆုံးသတ် သွားနိုင်တယ်… ဒါပေမယ့် လူရွှင်တော်ဝတ်စုံနဲ့ လူတစ်ယောက်က ရေထဲခုန်ဆင်းလိုက်တော့ ငါတို့အားလုံး စိုရွှဲကုန်ရော။
ဘဘဝ
French Foreign Legion ; the floating bridge by David Shumate ( University of Pittsburgh Press 2008 )
ငါအိပ်နေစဉ်
သူထပြီး အိမ်ထဲကို လှည့်ပတ်တယ်။ စာအုပ်တွေကို ကောက်ယူတယ်။ ဓာတ်ပုံတွေ ယူတယ်။ သစ်သားချိုးငှက်ပုံတူတစ်ခု ပါတယ်။ မှတ်မိနေတဲ့ သံစဉ်တစ်ဝက်တစ်ပျက်ကို ညည်းတယ်။ အမှောင်ထုထဲမှာ အားလုံးဟာမြစ်တစ်စင်း ဖြစ်လာတယ်။ သူဟာမြစ်တစ်စင်းကို တစ်ကြိမ်ပဲ ဖြတ်သွားတယ်။သူအိပ်မက်အပိုင်းအစတွေကနေ လှေတစ်စင်းကို ဖက်ရှင်ကျကျ ဖန်တီးပြီး အကြေအရပ်ကို စီးမျောသွားတယ်။ ကမ်းပေါ်တက်ပြီး ဒေသခံတွေနဲ့ မိတ်ဖွဲ့တယ်။ သူတို့က ကလေးတွေ အသက်ရှင်နေသေးသော သူ.ဝိညာဉ်ဆိုတဲ့ အပိုင်းကို ဂရုစိုက်ဖို့သူ.ကို သွန်သင်ကြတယ်။ ညတိုင်း သူတို့ရွာကို သူပြန်တယ်။ သူတို့ရဲ့ဘာသာစကားကို သင်ယူတယ်။ သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို ကျင့်သုံးတယ်။ တဲထဲက မိန်းမတွေနဲ့ အတူရယ်တယ်။ သူတို့က သူကို နာမည်သစ်တစ်ခုပေးတယ်။ သူ.ခန္ဓာကိုယ်ကို ဟင်းသီးဟင်းရွက်ဆိုးဆေးတွေနဲ့ လိမ်းကြံပေးတယ်၊ လူကြီးသူမတို့ရဲ့လျှို့ဝှက်ချက်တွေကို သူ.ဆီ ရင်ဖွင့်တယ်။ သူ.အိပ်ယာဆီ ပြန်ရောက်တော့ သူတို့၏ မီးပုံများရဲ့ နွေးထွေးမှုက သူ.ရဲ့ အရေပြားပေါ် ကျန်နေဆဲ။
ဘဘဝ
When I Sleep ; the floating bridge by David Shumate


ဟေလို
အလယ်ခေတ်က သူတော်စင်များဟာ နားဘို့ မကြာခဏ ထိုင်ရတယ်။ သူတို့ရဲ့ ရောင်ခြည်တော်စက်ဝန်းတွေဟာ အင်မတန်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ ဒါကို ပန်းချီကားတွေမှာ တွေ့နိုင်ပါတယ်။ တစ်ခါတစ်ရံ လမ်းလျှောက်ရင်း လဲကျတတ်တယ်။ ဘုန်းကြီးကျောင်းကို ပြန်ရောက်ရင်တော့ တပည့်ရဟန်းတွေက သူတို့ရဲ့ပုခုံးပေါ်က ရွှေရောင်စက်ဝန်းကြီးကို မပြီး နံရံမှာ ထောင်ထားကြတယ်။ ညဆို ကြွက်တွေက ရောင်ခြည်တော်စက်ဝန်းရဲ့အနားတွေကို ကိုက်ကြလို့ မနက်ဆို တောက်ပလျက် ပြန့်ကျဲနေကြတယ်။ အသန်ဆုံး ဘုန်းကြီးတစ်ပါးက ရောင်တော်စက်ဝန်းကို သူ့ဆရာတော်ရဲ့ ဦးခေါင်းနောက်မှာ ထားပြီး လှေကားကို ကူဆင်းပေးတယ်။ ငါတို့ခေတ်နဲ့မတူတဲ့ခေတ်ပေါ့။ သင်လည်း အမှောင်ထဲမှာ နတ်ဆိုးနဲ့တွေ့နိုင်တယ်။ ဒါမှမဟုတ် ရေတွင်းနား စုဝေးနေတဲ့ ကောင်းကင်တမန်တစ်စုကိုလည်း တွေ့ချင်တွေ့မယ်။ ဒါပေမယ့် ဘယ်သူက မြင့်မြတ်တယ်၊ ဘယ်သူက အပြောသက်သက်ဆိုတာ တစ်ချက်ကြည့်လိုက်တာတဲ့ ရှင်းပါတယ်။
ဘဘဝ
မှတ်ချက် – Halo ကို ဟင်ဒီ ဘာသာစကားအရ
သူတော်စင်ရဲ့ရောင်ခြည်တော် လို့ အဓိပ္ပါယ်ဖွင့်တယ်-ဘဘဝ
Halo ; the floating bridge by David Shumate ကို ပြန်တယ်။
David Shumate ‘s The floating bridge ကိုဘာသာပြန်ပြီး ဖေါ်ပြခဲ့တာ ဒါနောက်ဆုံးတပုဒ်ပါ။

ငါး
ဇနီးသည်က ငါ့ကိုဈေးသွားဖို့ သတိပေးတဲ့အနေနဲ့ ငါးပုံတစ်ပုံဆွဲပြီး အိပ်ရာဘေးမှာ ထားခဲ့တယ်။ ငါးက ကျန်းမာဝဖြိုးတဲ့ငါး။ သူ့မျိုးစိတ်မျိုးကို စွယ်စုံကျမ်းမှာပဲ တွေ့နိုင်မယ်။ ငါးသလောက်တစ် ကောင်လည်း ဖြစ်နိုင်တယ်။ ငါးက ပြုံးလို့။ ကမ္ဘာကြီးကို သူ့မျိုးစိတ်အတွက် စွန့်ထားသလို။ နတ်ဘုရားနဲ့ စကားပြောပြီး ကိစ္စတွေ အဆင်ပြေသွားမယ်ဆိုတာ သိထားသလိုပါပဲ။ မကြာခင်မှာ ပိုကြီးတဲ့ပင်လယ် ကြီးဆီ ရောက်လိမ့်မယ်။ အင်းဆက်တွေက သူ့အကြောင်းကြောင့် သူတို့ကိုယ်သူတို့ စတေးကြလိမ့်မယ်။ အခြားသားရဲများက ဒီလိုဖြစ်ဖို့ အားထုတ်ကြလိမ့်မည်။ ဒီနေ့မနက်ပဲ သူဟာ ၎င်း၏နှလုံးသားအနီးတနေရာမှာ ဝှက်ထားတဲ့ သူ့မှာရှိနေတာကို အမြဲသံသယရှိတဲ့ ဝိညာဉ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီကို နှစ်ကြိမ် ရောက်ပြီးပြီ။ လေထဲမှာ ရေကူးရသလိုပါပဲ။ ရွေးစရာ မြစ်အစင်းပေါင်း တစ်ထောင်။ အဆုံးမဲ့ ရေ။ အလွန်ကို ထူးခြားတဲ့ငါးတစ်ကောင်ပါပဲ။
ဘဘဝ
The Fish ; the floating bridge by David Shumate







