The Floating Bridge လွင့်မျောနေတဲ့တံတား (1)

လွင့်မျောနေတဲ့တံတား (ဘာသာပြန် စကားပြေ ကဗျာ)
PROSE POEMS
DAVID SHUMATE

ပိုနိုဂရပ်ဖီ

အပြာယဉ်ကျေးမှုဟာ ပါရီမှာ ထွန်းကားတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ ဒီလိုဆိုင်တွေ တန်းစီနေတယ်။ တစ်ဆိုင်ပြီးတစ်ဆိုင်။ စျေးထဲက စီတန်းနေတဲ့ အသားဆိုင်တွေလိုပဲ။ ဒီလိုတည်ရှိမှုတွေက ခရီးသွားတွေကို ဧည့်ခံဖြည့်ဆည်းပေးတာ ဖြစ်နိုင်တယ်။ အို ပါရီမြို့သားတွေကို ဒီဆိုင်တွေက ကူဖြေရှင်းတဲ့ လိင်မှုဆိုင်ရာ မေးခွန်းတွေ ပါရီမြို့သားတွေဆီမှာ ရှိကောင်းရှိနိုင်တယ်။ စတိုးဆိုင်တိုင်းဟာ လိင်မှုကိစ္စတိုင်းအတွက် ဒီဇိုင်းဆွဲ ထုတ်ထားသော အဝတ်အထည်တွေကို ခင်းကျင်းထားတယ်။ သင် လျစ်လျူရှုထားသော ကာမစိတ် အနေအထားများကို သရုပ်ဖော်ရှင်းပြထားတဲ့ စာပေတွေ။ ပွေ့ဖက်ထားတဲ့ ဓာတ်ပုံတွေက တိရစ္ဆာန်တွေကိုပါ မင်သက်မိစေတယ်။ ရာဂလှုံ့ဆော်တဲ့ပစ္စည်းတွေဟာ စင်တွေပေါ်မှာ စီရရီရှိနေတယ်။ အမွှေးနံ့သာ။ သားရေအသုံးအဆောင်။ မသိစေချင်ရင် တပ်ဖို့ မျက်နှာဖုံးတွေကအစ ရှိတယ်။ ဝန်ထမ်းတွေက ကုန်ပစ္စည်းအကြောင်းရှင်းပြဖို့ နဲ့ သူ့ရဲ့သင့်လျော်တဲ့အသုံးပြုမှုကို သရုပ်ပြဘို့ ရွှင်ပျကြတယ်။ သူတို့ရဲ့ ဖောက်သည်တွေကို လမ်းတွေပေါ်မှာ တွေ့နိုင်တယ်။ သူတို့အားလုံး ပန်းရောင်တစ်ခုခုကို ဆောင် ထားကြတယ်။
ဘဘဝ
Pornography; the floating bridge by David Shumate

ပါရီမြို့ရောက် အမေရိကန်တစ်ဦး

ကရိုး ပါရီကို သွားချင်ပေမယ့် လေယာဉ်အကြာကြီးစီးရတဲ့ ဒုက္ခတော့ မခံလိုပြန်ဘူး။ လေဆိပ်စောင့်ဆိုင်းခန်းတွေ။ အမြင့်ကြီးရောက်သွားတဲ့အခါ လေဆောင့်တိုးတဲ့ဒဏ်တွေ။ ဒါဖြင့် သူ နံပြားပုံစံဦးထုပ်ပြာဆောင်းပြီး ချောကလက်အစာသွပ်ထားတဲ့ ခရိုးဆွန့်မုန့်တွေစားလို့ရအောင် အိုဘယ်ဂျင်းလမ်းပေါ်ရှိစားသောက်ဆိုင်တန်းမှာ ချထားရအောင်။ အနီးအနားက ဘုရားရှိခိုးကျောင်းမှာ ခေါင်းလောင်းတွေထိုးနေတယ်။ မီးခိုးရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ အဘွားအိုကြီးတစ်ယောက်က ခွေးကျောင်းနေတယ်။ ကရိုးက ဖယောင်းတိုင်လေးတစ်တိုင်ကိုကိုင်ပြီး လမ်းထောင့်မှာ ရပ်နေတယ်။ ယာန်း ပေါ ဆာ့ ရောက်လာပြီး ဖယောင်းတိုင်ကို မှုတ်လိုက်မှာကို စောင့်နေတာများလား။ ဒါမှမဟုတ်ရင်လည်း ယူဂျင်း အီယိုနဲစကိုက ဖယောင်းတိုင်ကို အစွယ်တစ်ခုလို သူ့နှာခေါင်းပေါ်တင်ပြီး ပြုတ်မကျအောင် ထိန်းပေးမှာကို စောင့်နေတာလား။ တကယ်တမ်းမှာတော့ သူက ရေချိုးခန်းထဲမှာ။ သူ့ရဲ့ လှပတဲ့ ရင်သားတွေကို ဆပ်ပြာနဲ့ ပွတ်သပ်နေတာပါပဲ။ သူ ရေကိုပိတ်လိုက်ပြီး ကိုယ်ကိုသဘက်နဲ့ပတ်လိုက်တဲ့အချိန်မှာ ဟိုးအဝေးတစ်နေရာ ရောက်နေတာကို သိသွားရင် အံ့ဩသွားမလားမသိဘူး။
ဘဘဝ
An American in Paris ; The Floating Bridge by David Shumate
(University of Pittsburg Press, 2008)
ဘဘဝ


ယေရှုပုံဆွဲခြင်း


ပထမလူနာက မျက်လုံးတစ်လုံးစီ အလယ်မှာပါတဲ့ ပြုံးရယ်နေတဲ့ ဦးခေါင်းသုံးလုံးပါ အရပ်ရှည်ရှည် သွယ်လျလျ ယေရှုပုံကို ဆွဲတယ်။ အခြားတစ်ယောက်က အဝါရောင်ဦးထုပ်ဆောင်းထားတဲ့ တုတ်ချာင်း အရုပ်အဖြစ် ဆွဲတယ်။ အလန်ဘာမာ (Alabama ) က ဆယ်ကျော်သက် မိန်းကလေးက ဦးခေါင်းအထက်မှာ ရောင်တော် စက်ဝန်းပါတဲ့ လင်းတဖြူတစ်ကောင်အဖြစ် ပုံဖော်တယ်။ ပြတင်းပေါက်နားက စားပွဲဝိုင်းမှာ ဘယ်သူကမှ သူ ပြောတာနားမလည်တဲ့ ဟန်ဂေရီလူမျိုး ရွှေ့ပြောင်းနေထိုင်သူဟာ ပါးပြင်ပေါ်လည်း အမာရွတ် အစင်းလိုက် မုတ်ဆိတ်နီဗလပွနဲ့ ကလေးတွေကို ခြောက်လှန့်တဲ့ မျက်လုံးရိုင်းကြီး တွေပါတဲ့ မျက်နှာကို ဆွဲထားတယ်။ ရာစုနှစ်တစ်ဝက်လောက် ဒုက္ခသည်စခန်းမှာနေထိုင်ခဲ့တဲ့ အဘွားအိုက လိမ္မော်ရောင်သေတ္တာ တစ်ဒါဇင်ပုံတစ်ပုံဆွဲပြီး ယေရှုဘယ်သေတ္တာထဲ ပုန်းနေလည်းဆိုတာ ကျွန်တော့်ကို ခန့်မှန်းခိုင်းတယ်။ ကျွန်တော်လည်း အလယ်မှာ ဖောင်းနေတဲ့ သေတ္တာကို လက်ညှိုးထိုးပြလိုက်တယ်။ ဟန်ဂေရီကြီးက ရယ်ပါလေရော။ ပြီး အားလုံးလိုက်ရယ်ကြပါလေရော။
ဘဘဝ
Drawing Jesus : the floating bridges by David Shumate


အီတလီစကား ဖြည်းဖြည်းချင်း သင်ယူခြင်း

တစ်နေ့ကို စကားလုံး သုံးလုံး ကျက်တယ်။ အခု ခုနစ်လလောက်ရှိပြီ ဆိုတော့ အီတလီစစ်စစ်ကလေး တစ်ယောက်နဲ့ စကားစမြည် ပြောနိုင်ပြီ။ ကလေးမလေးက ပစ္စုပ္ပန်ကာလနဲ့ ဖြည်းဖြည်းပြောမယ်ဆိုရင်ပေါ့။ ခဲတံအကြောင်း၊ ခွေးတွေအကြောင်းနဲ့ ဒိန်ခဲအကြောင်းလောက်ပေါ့။ တစ်ခါတစ်လေ အီတာလျံ ဆိုတဲ့ အတ္တစိတ်နဲ့လူတစ်တစ်ယောက် ကျွန်တော့်ရင်ထဲ ကြီးထွားလာတယ်လို့ ခံစားရတယ်။ သူဟာ စကားပြောရင် လှုပ်ရှားမှုလုပ်တဲ့ ကောင်လေးဖြစ်တယ်။ သူခရမ်းချဉ်သီး၊ စမုန်ဖြူ နှင့်မှို ဝယ်ဖို့ ဈေးကို စက်ဘီးစီး သွားတယ်။ ပြီး ဝယ်ပြီးတာတွေကို သူ့ မိခင်အိုကြီးဆီပို့တယ်။ နေ့ခင်းဘက်မှာတော့ လူကြီးတွေနဲ့ ဘောလုံးကစားတယ်။ ကလေးတွေက သူ့ဖာသူတီးတိုးပြောတာကို လိုက်ပြီးတုပကြတယ်။ သူ့မျက်နှာ ရှုံ့မဲ့တာကိုရောပေါ့။ လထွက်လာရင် ဆံပင်တွေကို နောက်လှန်ဖြီးပြီး သူချစ်တဲ့ အမျိုးသမီးရဲ့ ပြတင်းအောက်မှာ တေးဆိုတယ်။ ကြည့်ပါဦး။ ဒူးထောက်ပြီး လက်တွေကို ဆန့်ထုတ်ထားတယ်။ သူ့ကိုယ်သူ အရူးသိပ်လုပ်ချင်နေတယ်။ အကြိမ်ကြိမ်ပဲပေါ့။
ဘဘဝ
Learning Italian Slowly ; the. Floating bridge by David Shumate



ထီးရဲ့သမိုင်း

မချစ်ခင်လေးမှာ ထီးရဲ့သမိုင်းကြောင်းကို သိလားလို့ သူ မေးတယ်။ လရောင်လည်း ဆမ်းနေပြီ။ ပုရစ်‌တွေလည်း သူတို့နေရာနဲ့သူတို့။ထုံးစံအတိုင်း၊ တရုတ်တွေရဲ့ ကျွမ်းကျင်မှုအကြောင်း တွေးတယ်။ ဂရိတို့ရဲ့ ဉာဏ်ပညာ။ အီဂျစ်တို့ရဲ့ စိတ်ကူးစိတ်သန်း။ ပေတရုက ရေပေါ်တက်လာတဲ့ ယေရှုရဲ့ဦးခေါင်းပေါ် မြတ်သောထီး‌တော်ကို ဆောင်း‌ပေးထားတယ်။ မင်းဘာမေးမယ်ဆိုတာ မင်းဘယ်တော့မှ မသိဘူး။ ဒါမှမဟုတ် ဘယ်အချိန်‌မေးမလဲ ဆိုတာ။ အရာရာကို အာရုံစိုက်နေတာ အကောင်းဆုံးပဲ။ သို့မဟုတ် အမှန်တရားတစ်ခုပါတဲ့ မုသားကို ပြောတတ်အောင် သင်ယူပါ။ ဒါနဲ့ ဖီးနစ်လူမျိုးတွေအကြောင်း ပြောပြလိုက်တယ်။ သူတို့သယ်လာတဲ့ ငှက်မွေးအခင်းတွေ။ ညလုံး‌ပေါက်ချစ်ခြင်းမေတ္တာဖွဲ့တဲ့ အကြောင်းရောပေါ့။


ဘဘဝ


သုည

အသက်ကြီးလာတော့ သင်္ချာပညာရှင်ဟာ သုညဂဏန်းကို စွဲလမ်းလာတယ်။ သံပုရာသီးရဲ့ အရသာမျိုး နည်းနည်းလေးရှိပြီး၊ တိတ်ဆိတ်နေရင် သူ့ ညည်းနေတာကို ကြားနိုင်တယ် လို့ သူ ဆိုတယ်။ သူ မှန်ဘီလူးကိုင်ပြီး သူ့ရဲ့ အနားသတ်တစ်လျှောက်မှာရှိတဲ့ ခူကောင်ရဲ့ ကျောကုန်းလို နူးညံ့တဲ့ အမွှေးလေး တွေကို ပြတယ်။ သူဟာ သုညရဲ့ ဘာမှမရှိခြင်းဆီကို ချဉ်းကပ်လိုက်တယ်။ ကိန်းဂဏန်းတွေကြားမှာဆို သူ့ကို လယ်သမားလို့ သဘောထားတယ် လို့ သူက ပြောပြန်တယ်။ အများစုက မြို့အစွန်က ဂူတွေမှာ နေကြတယ်။ သူတို့ အမျိုးအနွယ်ချင်းသာ လက်ထပ်ကြတယ်။ သူတို့က ညဘက်မှထွက်သူတွေမို့ ဟိုနားဒီနား အပြင်မှာ ဘယ်တော့မှ မင်း မတွေ့ရဘူး။ လုံးဝန်းတဲ့အစုများကိုသာ ချန်ထားခဲ့တယ်။ ပြီးတော့ ကြားထဲမှာ ဘာမှမရှိတဲ့ မျဉ်းတန်းရှည်ကြီး။ တစ်ခါတစ်ရံ သင်္ချာပညာရှင်အိုကြီးဟာ စာတစ်ရွက်ပေါ် သုညကိုဆွဲပြီး နာရီပေါင်းများစွာ တွေးတောဆင်ခြင်နေတတ်တယ်။ ဒါက သူ့ကို ကျေနပ်သက်သာစေတယ်။ ဒါပေမယ့် သူ အမြဲသတိရှိတယ်။ အင်မတန်ကျယ်ပြောလွန်းတော့ နတ်ဘုရားတောင် လမ်းပျောက် သွားနိုင်တယ်လေ။


ဘဘဝ
Zero ; the floating bridge by David Shumate


ပါရီရောက် ဘဲဒိုဝင်များ

ဆာဟာရသဲကန္တာရထဲ တစ်နေရာမှာ သွားလာနေတဲ့ ဘဲဒိုဝင်မျိုးနွယ်တစ်စုရှေ့ ပါရီမြို့ကြီး ဘွားကနဲပေါ်လာတယ်။ ညအိပ်ညနေနားနေဖို့ တဲထိုးဖို့အရေး သူတို့ နေရာရှာနေကြတာ။ သူတို့ထဲက တစ်ဦးက မိုးကုပ်စက်ဝိုင်းက အဆောက်အအုံတွေကို သတိထားမိသွားတယ်။ သူတို့ဆက်ခရီးသွားကြရင်း သိပ်မကြာလိုက် မွန်ပါနာဆေက လမ်းသွယ်လေးတစ်ခုကို ရောက်သွားကြတယ်။ ဒါပေမယ့် ထင်ယောင်ထင်မှားတွေကို ယုံမှတ်ပြီးပုံအပ်လောက်အောင် သူတို့ မအကြ။ သူတို့ဘိုးဘေးများ ဘေဘီလုံမြို့ကြီးသို့ မတော်တဆရောက်သွားပြီး ဆယ့်နှစ်နှစ်လောက် ဂုဏ်ထူးဆောင်ဧည့်သည်ဖြစ်နေရာမှ နောက်ဆုံး သူတို့ကို ဧည့်ခံကခုန်နေတဲ့ အမျိုးသမီးတွေဟာ သဲရုပ်တွေဆိုတာကို နားလည်သွားကြတယ် ဆိုတဲ့ ဇာတ်လမ်းကို သူတို့ ကြားဖူးပြီးကြပြီ။ ဒါက မျိုးဆက်တိုင်း သင်ယူရမယ့် သင်ခန်းစာ။ သဲကန္တာရက စိတ်လိုပဲ လူကို လှည့်စားတတ်တယ် မဟုတ်ပါလား။ ဒါကြောင့် သူတို့ဟာ ကုလားအုတ်တွေဘေးမှာ ပြေးလွှားနေတဲ့ ကလေးတွေကို လစ်လျူရှုပြီး မြို့ထဲ ဆက်သွားခဲ့ကြတယ်။ လမ်းတစ်လျှောက် လူသွားလူလာ၊ ယာဉ်သွားယာဉ်လာထူထပ်လှတယ်။ ကင်မရာသမားတွေနဲ့ ရဟတ်ယာဉ်တွေလည်းရှိတယ်။ ပါရီမြို့ မြောက်ဘက်ခြမ်းကို ရောက်တဲ့အခါ သဲကန္တာရဖြစ်သွားပြန်ရော။ ဘယ်ဘဲဒိုဝင်ကိုမဆို အမှန်တရားနဲ့ပတ်သက်လို့ မေးကြည့်ပါလေ။ ကိုယ်မြင်သမျှကို မယုံဖို့ သူက ပြောပါလိမ့်မယ်။ သဲကိုသာ ယုံမှတ်ပုံအပ်ပါလေ။


ဘဘဝ
မှတ်ချက်- Bedouin ဆိုသည်မှာ အာရေဗျ၊ ဆီးရီးယားနှင့် အာဖရိကမြောက်ပိုင်း သဲကန္တာရများတွင် အခြေမချ လှည့်လှည်သွားလာသည့် အာရပ်များဖြစ်ကြတယ်။
The Bedouins of Paris’ from
The Floating Bridge by David Shumate
( University of Pittsburg Press, 2008)

ကြိုဆိုပါတယ် ကလေးတို့

နွေဦးပေါက်မှာ ကျွန်ုပ်ဟာ အတိတ်ဘဝတွေက ကြုံခဲ့ဖူးသူတွေနဲ့ ဆုံခဲ့တယ်။ ကျွန်ုပ်အဘိုးရဲ့ လယ်တောအိမ်ထဲမှာ အာလူးထောင်း၊ မလိုင်ရည်ပဲစိမ်း၊ ပြောင်းဖူးပေါင်မုန့်တွေတည်ခင်းပြီး စားပွဲတစ်ခုမှာ ထိုင်ခဲ့ကြတယ်။ အမေရိကန်ပြည်တွင်းစစ်တုန်းက တောင်ပိုင်းသားတွေဘက်က တိုက်ခဲ့တဲ့ နှုတ်ခမ်းမွေးထားပြီး တိုက်ပွဲစော်နံနေတဲ့ ဗိုလ်မှူးတစ်ဦးလည်းပါတယ်။ ပေါ်တူဂီက အလယ်ခေတ်လယ်သူမကြီးတစ်ဦး။ သူ့ဆံပင်မှာလည်း ပိုးကောင်မွှားကောင်တွေနဲ့။ ကိုးနှစ်သားမှာ ဖျားနာပြီး သေသွားတဲ့ အိုင်းရစ်ကောင်လေးတစ်ယောက်။ ငါးစိမ်းသည်တစ်ဦးရဲ့ သည်းခံတတ်တဲ့ ဇနီးတစ်ဦး။ ကျွန်ုပ်အဘွားရဲ့ စာအုပ်ဖိတုံးတွေကို အိတ်ထဲထည့် အလစ်သုတ်ပြီးဖြစ်တဲ့ ကာသေ့က တိုလီမုတ်စခိုးတဲ့ငနဲလေး။ ကျွန်ုပ်သဘောအကျဆုံးကတော့ ဟိန္ဒူဘုန်းကြီးတစ်ပါး။ သူ့လိမ္မော်ရောင်သင်္ကန်း။ သူ့နှဖူးက မြင့်မြတ်တဲ့ဆေးရောင်တွေ။ သူမှာလည်း အမျိုးသမီးတွေကိုတပ်မက်တာကို မထိန်းနိုင်သေး။ ကျွန်ုပ်ပထမဘဝဖြစ်တဲ့ ဘေဘီလုံက ကချေသည်ကို ခိုးခိုးကြည့်နေရဲ့။ သူ့ရဲ့ နက်မှောင်တဲ့ဆံပင်ရှည်။ ပဝါပါးပါးလေးကို သူ့ပုခုံးတွေပေါ် ရုံထားတယ်။ လိမ္မော်ခွံယိုကို စားပွဲပေါ်ကနေ ကုန်းပြီး လှမ်းနှိုက်တတ်တော့ ဘုန်းကြီးအတွက် မျက်လုံးပြူးစရာ ရွှေရင်နှစ်မွှာက ဘွားကနဲပေါ့။ ညစာစားပြီးတော့ သူက ခွင့်တောင်းပြီး ပန်းခြံထဲ လမ်းလျှောက်ထွက်တယ်။ ဘုန်းကြီးက နောက်ကလိုက်သွားတယ်။ သဘာဝကျကျဖြစ်နေတာပဲလားတော့ ကျွန်ုပ်လည်းမသေချာဘူး။ ကျွန်ုပ်အဖြစ်ဝင်စားမယ့် သူတစ်ဦးက အခြားတစ်ဦးကို မြူဆွယ်နေတယ်။ နာစစ်ဆပ်စ် ကိုယ်တိုင်တောင် ပါးစပ်ပိတ်သွားလောက်အောင် ရွံရှာစရာကောင်းတဲ့လုပ်ရပ်ဖြစ်နေမလား။
ဘဘဝ
Welcome Home , Children; the floating bridge by David Shumate
မှတ်ချက်
Narcissus( နာစစ်ဆပ်စ်) သည် ဂရိဒဏ္ဍာရီလာ မုဆိုးတစ်ဦးဖြစ်ပြီး ရုပ်ရည်ချောမောလှပမှုကြောင့် နာမည်သတင်းကျော်ကြား၍ ကိုယ့်ရုပ်ရည်ကိုယ် ပြန်သဘောကျကာ အခြားလူများအပေါ် စိတ်မဝင်စားနိုင်သူဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လွန်းသူများကို နာစစ်ဆပ်စ်စိတ်ထားရှိသည်ဟု ပြောဆိုတတ်ကြသည်။



ပါရီမြို့ဂိတ်တံခါးများ

ပါရီမှာ မိန်းမတွေကိုပဲ နေခွင့်ပြုသင့်တယ်လို့ ထင်တယ်။ ယောကျ်ားတွေရှိရင် သိပ်ရှုပ်တာပေါ့။ သူတို့လက်ဆွဲအိတ်တွေထဲ လျို့ဝှက်ချက်တွေ ထိုးသိပ် ထည့်လို့ပေါ့။ တစ်လမှာ တစ်ညပဲ မြို့ဂိတ်တံခါးတွေကို ဝုန်းကနဲဖွင့်ပြီး ချစ်သူတစ်ဦးဆီကနေ ဖိတ်ကြားလွှာရထားတဲ့ အမျိုးသားတွေကိုပဲ ဝင်ခွင့်ပြုသင့်တယ်။ ဖိုဟော်မုန်းကို ထောက်ပြပြီး ယောကျ်ားတွေကတော့ ကန့်ကွက်ကြမှာပဲ။ ကျွန်တော်တို့လည်း လေးခွလို ကျောက်တုံးပစ် လက်နက်တွေထဲ ဝင်ထိုင်ပြီး တံတိုင်းကနေ ကျော်ဝင်ကြမယ်။ ရေနုတ်မြောင်းတွေထဲ လွတ်လွတ်ကျွတ်ကျွတ်သွားနိုင်ဖို့ ကြွက်တွေကို ငှားကြမယ်။ မျက်နှာတွေကို ဖြူဖျော့နေအောင် ဆေးတွေခြယ်ပြီး အရုဏ်တက်ချိန်မှာ သင်္ချိုင်းတွေထဲ သေချင်ယောင် ဆောင်နေကြမယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ နံရံတွေ၊ တံတိုင်းတွေကို သေးနဲ့မပန်းတဲ့ ယောကျ်ားတွေရှိတဲ့ မြို့ဆိုတာရော ရှိလို့လား။ ဒါဖြင့် ပါရီလို လှပတဲ့ နေရာကနေ စကြရအောင်လေ။
ဘဘဝ
The Gates Of Paris ; the floating bridge by David Shumate ကို ပြန်တယ်၊

လွင့်မျောနေတဲ့ တံတား

ရေပေါ်တံတားဟိုဖက်မှာ အခြားလောက တစ်ခုက စောင့်နေတယ်။ အဲဒီမှာ သခင်က မောင်းမမိသံ အတွက် ကပြတယ်။ ယင်ကောင်က အခန်းထဲ တဝီဝီနဲ့ ပတ်ပျံနေပြီး ဘုန်းကြီးကို စောင့်ကြည့်တယ်။ ဧကရာဇ်မင်းက အိပ်ဘို့ ကောက်ရိုးအိပ်ယာထဲ ဝင်တယ်။ ငါ အဲဒီကို ခဏခဏ သွားတယ်။ ဒါပေမယ့် လမ်းကိုသိတယ်လို့ ရိုးရိုးသားသား မပြောနိုင်ဘူး။ မဖြစ်နိုင်တဲ့ အချိန်တွေမှာ ပေါ်လာတယ်… ငါ လမ်းပေါ်မှာ လမ်းလျှောက်နေချိန်။ ကလေးနဲ့ မနက်စာ စားနေတဲ့အချိန်။ ဈာပန ချနေတုန်း ငါ ကွယ်လွန်သူနဲ့ လက်ချင်းချိတ်ပြီး တံတားကို ဖြတ်လျှောက်သွားတယ်။ တစ်ခါတစ်ရံကျ တံတားက သေးပြီး မပေါ်လွင်လှဘူး။ ကဗျာတစ်ပုဒ်လိုပါပဲ။ သို့မဟုတ် ငှက်တစ်ကောင်ပျံသန်းသလို။ တစ်ဖက်ကမ်းကို မရောက်မချင်း ငါ အဲဒါကို သတိမထားမိတာ ခဏခဏပဲ။ တစ်ခါက တံတားဖြတ်ရင်း လမ်းခုလတ်မှာ မျက်လုံးတွေကိုမှိတ်ပြီး ချစ်သူကို လှည့်ခွင့်ပေးမိတဲ့ အမှားလုပ်မိတယ်။ ခုတော့ ငါ ဘယ်ဘက်ကမ်းမှာ ရပ်နေမှန်း မသိတော့ဘူး။
ဘဘဝ
The Floating Bridge ; the floating bridge by David Shumate

သေမင်းအိမ်

သေမင်းအိမ်ကိုရောက်တဲ့အခါ မနေ့ညက အအေးခံထားတဲ့ ခရမ်းရောင်အသီးဟင်းတစ်ခွက် သင့်ကို ကျွေးမယ်။ ဦးထုပ်တွေကို ရွေးချယ်ခိုင်းမယ်။ ဦးထုပ်အချွန် သို့မဟုတ် အပြား။ ခြေညှပ်ဖိနပ်တစ်စုံ။ အဖြူရောင် ၀တ်ရုံ တို့ကိုပေးမယ်။ သင်အသက်ရှင်နေချိန်ကစ မှတ်ထားရမယ့် အချက်ငါးချက်ကို သင် ရွေးချယ်ရမယ်။ ကျန်တာတွေ ချန်ထားခဲ့ရမယ်။ သင့် စိတ်ကြိုက်နေလို့ရတယ်။ ဒါပေမယ့် ဖယောင်းတိုင် တွေကိုတော့ တားမြစ်ထားတယ်။ နောင်တရစရာအကြောင်း ပြောဘို့ကိုလည်း တားမြစ် ထားတယ်။ အိမ်က ကြီးလွန်းတော့ အိမ်ကိုနှံ့ဘို့ နှစ်ချီကြာတယ်။ မငြီးငွေ့အောင် သူတို့ဟာ မြက်ခင်းပြင်မှာ ကကြပြီး၊ ဟာသ တွေ ပြောကြတယ်။ ပုရောဟိတ်နဲ့ ကုလားအုတ်အကြောင်း… ဒါမှမဟုတ် လေယာဉ်ပေါ်က ခုန်ချ တဲ့လူအကြောင်းပေါ့… သေမင်းအိမ်မှာ နာရီတစ်လုံးပဲရှိတယ်။ နာရီက အတော်လေးနှေးတယ်။ အခိုက်အတန့်တိုင်းမှာ ပျက်စီးလွယ်တဲ့ ပစ္စည်းတွေ သယ်သွားတယ်။ အားလုံးကို လူလုပ်အားနဲ့ပဲ ပြန်ချတယ်။ ပြီး ချောက်ကမ်းပါးဆီ သယ်ကာ ပင်လယ်ထဲ စွန့်ပစ်လိုက်တယ်။

ဘဘဝ

The house of death ; the floating bridge by David Shumate ကို ပြန်တယ်။

သစ်တောတစ်အုပ် ဖန်တီးခြင်း

ဒါဟာ သိမ်မွေ့ပြီး ရှေးကျတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ မျိုးစေ့တစ်စေ့ချင်း မြေကြီးကို နူးညံ့စွာ ပေးရမယ်။ မြေကြီးဟာအပျိုစင်လို နဲ့ သင်ဟာ မိသားစုရဲ့ သူငယ်ချင်းတစ်ယောက်လိုပေါ့။ ရေရဘို့ မြစ်တစ်စင်း၊ မိုးတကြီး၊ ရေပုံးပေါင်းတစ်ထောင် စီစဉ်ရမယ်။ ကျန်တာတွေကိုတော့ အချိန်ဆီ ပေးအပ်လိုက်ပါ။ အစေ့မရှိရင် မင်းလက်ထဲမှာရှိတာနဲ့ သစ်တောတစ်အုပ် ဖန်တီးလို့ရတယ်။ တစ်သက်လုံးနောင်တတွေနဲ့ သစ်တော တစ်အုပ် ဖန်တီးခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော် သိခဲ့တယ်။ သူ အထဲဝင်သွားပြီး ဘယ်သူမှ သူ့ကို နောက်ထပ် မတွေ့တော့ဘူး။ တစ်ခါတော့ သေသေချာချာရွေးထားတဲ့ စကားလုံးတွေနဲ့ သစ်တောတစ်ခုကို ငါဖန်တီးခဲ့ဖူးတယ်။ နောက်နေ့မနက်မှာ အိမ်နီးနားချင်းတွေ နိုးလာပြီး ဒီလိုတောအုပ်မျိုးဟာ သူတို့ရဲ့ကလေးတွေကို အဖတ်ဆည်မရနိုင်တဲ့ အန္တရာယ်ပေးနိုင်တယ် ဆိုပြီး တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ပညာရှင်ကို ခုတ်ခိုင်းလိုက်ကြတယ်။ အဲ့လူကလည်း ပြောရရင် တော်ချက်။ ကျွန်တော် အခု အတော်လေး ပင်ပန်းနေပြီ၊ ဒါပေမယ့် မနက်ဖြန် ဒီကမ္ဘာပေါ်က အသေးအမွှားတွေနဲ့ တောအုပ်တစ်အုပ် ဖန်တီးမယ် ထင်ပါတယ်။ ဒီနေရာကနေ ကမ်းရိုးတန်းအထိ ပြီး ပင်လယ်နက်ထဲအထိပေါ့ – မိုင်ပေါင်းထောင်ချီမယ်။

ဘဘဝ

Making a Forest : the floating bridge by David Shumate

လူစီဖာ

ဆိတ်မွေးနဲ့ ရက်ထားတဲ့ အမြင်ဆန်းဆန်းဦးထုပ်ကို သူဆောင်းထားတယ်။ အဝါရောင်ဖိနပ်စီးလို့။ ဂျီဂလို ရေမွှေးဆွတ်ထားတယ်။ ဘားဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ထွက်ပြီး မျက်လှည့်တွေပြတယ်။ လက္ခဏာလည်းဖတ်တယ်။ သူ့လေယူလေသိမ်းနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က မေးတဲ့အခါ အိုက်စလန်ကလို့ ပြောတတ်တယ်။ အန်ဒါလူးရှားက သူ့ရဲတိုက်ကြီးအကြောင်းကနေ စပြောတတ်တယ်။ ဒါကိုတာက နွားခြံကြီး။ တီဟီတီက ရွက်လှေ။ သူက ရိုမန်တစ်အသောဇာတ်တစ်ခုအတွက် သရုပ်ဆောင်ရွေးချယ်ရေးဒါရိုက်တာဖြစ်လို့ အပြစ်ကင်းစင်တဲ့ မျက်လုံးရှိသူတစ်ဦးကို ရှာနေတယ်လို့ သူက ပြောတတ်တယ်။ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့ စိတ်ကူးဖူးလားလို့ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဆံပင်နီနီနဲ့အမျိုးသမီးကို သူကမေးတယ်။ ဘယ်ဖက်ကမ်းက ပိုလန်ဇာတိမိန်းကလေးတစ်ဦးကို တစ်ညမှာ အဲ့ဒီလို သိမ်းသွင်းတာကို ဆံပင်နီနီအမျိုးသမီး ထိုင်ကြည့်နေခဲ့ဖူးတယ်။ အဲ့ဒီအချိန်ကစလို့ မိန်းကလေးကို မတွေ့ရတော့ဘူး။ အမျိုးသမီးက စားပွဲခုံတစ်ဖက်ကနေ ကိုယ်ကိုကုန်းလိုက်ပြီး သူ့နှဖူးပေါ်ကို သရော်တော်တော်ဆန်တဲ့ အနမ်းပေးလိုက်တယ်။ အမျိုးသမီးနှုတ်ခမ်းတွေ ထိလိုက်တဲ့နေရာမှာ သူ့ အရေပြား တရှဲရှဲမြည်သွားတယ်။ တစ်ခန်းလုံး တိတ်ဆိတ်သွားတာပေါ့။ အီတလီခေါက်ဆွဲတွေပေါ်မှာ တဝီဝီမြည်နေတဲ့ ယင်ကောင်တောင် လေထဲမှာ ရပ်သွားတယ်လေ။

ဘဘဝ

မှတ်ချက်-

လူစီဖာ(Lucifer) ဆေတန်နတ်ဆိုး၏အခြားအမည်ဖြစ်၊ဘယ်ဖက်ကမ်း(Left Bank) သည် ပါရီရှိ စီရင်စုတစ်ခုဖြစ်ပြီး စိန်းမြစ် တောင်ဘက်ကမ်းတွင်ရှိကာ အနုပညာရှင်များ သွားလာတတ်သည့် နေရာလည်းဖြစ်တယ်။
‘Lucifer’ ; The Floating Bridge by David Shumate (University of Pittsburg Press, 2008) ဘဘဝ ဘာသာပြန်၊ရလအ တည်းဖြတ်။

ဘိုဘိုဝင်း ဘာသာပြန်သည်။