ယူလစ်ဆီး
၁၉၂၃ က ပြင်သစ်မှာဘဲ ထုတ်ခွင့်စ ရတဲ့ ယူလစ်ဆီး ဟာ နိုင်ငံတော်တော်များများဘာသာပြန်ဆိုပြီးထားပါတယ်။နှစ်ပေါင်းတရာကျော်ထိ မြန်မာပြန် မရှိသေးဘူးလို့ မှတ်ယူရမလို။ မိတ်ဆွေတယောက်က ဟောင်းနေပါပြီကွာ။ မင်းသာ အချိန်ကုန်ခံ လုပ်နေတာ၊ အသစ်တွေ လုပ်စေချင်တဲ့ မိတ်ဆွေကြီး ကိုတော့ နောက်မှ အကျိုးအကြောင်း ပြောရမှာဘဲ။ ဆင်ခြေဆင်လက်ပေါ့။
လွန်ခဲတဲ့ လအနည်းက ကျနော့်ဖဘမိတ်ဆွေတွေကို စကားပလ္လင်ခံ ခဲ့သည့်အတိုင်း ယူလစ်ဆီးကို ကျနော်နဲ့ အယ်ဒီတာမင်း နှစ်
ယောက်/ ပါး ကူညီ တည်းဖြတ်မယ်ဆိုတဲ့အကြောင်း သတင်းပါးခဲ့တဲ့အတိုင်း ၂၀၂၅ နှစ်ဆန်းပိုင်းလောက် ဖတ်ခွင့် ရမယ်ဆိုတာ
ပြောပြလိုရင်း ပါ။ အမြည်းလေးချခဲ့ပါ့မယ်။
မိတ်ဆွေကောင်းများကျန်းမာကြပါစေဗျာ- ![]()
![]()
.

၁
ဟန်များခံ့ညားပြီး ခပ်ဖိုင့်ဖိုင့် ဘက် မူလီဂန်သည် ကြည့်မှန်တစ်ချပ်နှင့် သင်ဓုန်းဓားတစ်ချောင်းတို့ကို ကြက်ခြေခတ်ပုံစံထည့်ထားသော ဆပ်ပြာမြှုပ်တစ်ပန်းကန်ကို ဆောင်ကြည်းကာ လှေကားရင်းတွင် ရပ်နေသည်။ ခါးစည်းကြိုးမချည်ထားသော အဝါရောင် ညဝတ်အင်္ကျီရှည်သည် အသာအယာတိုက်ခတ်နေသည့် နံနက်ခင်းလေကြောင့် သူ့နောက်တွင် ငြင်ငြင်သာသာလေး လှုပ်ခတ်နေသည်။ သူသည် ပန်းကန်လုံးကို မြှောက်ကိုင်ထားလျက်
-ဓမ္မပွဲခံသော လူစုများနှင့်အတူ ဘုရားသခင်၏အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ ဟု ကြွေးကြော်လိုက်သည်။
ရပ်လိုက်ပြီးလျက် သူသည် မဲမှောင်ကွေ့ကောက် နေသော လှေကားကို ငုံ့ကြည့်ကာ အသံစူးစူးဖြင့် ခေါ်တော်မူလိုက်သည်:
-တက်လာခဲ့တော့၊ ကင့်ချ်၊ တက်လာခဲ့တော့ ကြောက်တတ်လှတဲ့ ဘရင်ဂျီရေ။
သူသည် လေးနက်တည်ကြည်စွာဖြင့် ရှေ့သို့တိုးလိုက်ပြီး အမြှောက်တင်တင်ခုံအဝိုင်းပေါ်သို့ တက်လိုက်သည်။ သူသည် ကိုယ်ကိုလှည့်လိုက်ပြီး မျှော်စင်၊ ဝန်းကျင်ရှိ ကျေးလက်နှင့် နိုးထလာသော တောင်တန်းများကို သုံးကြိမ်တိုင်တိုင် လေးနက်စွာ ကောင်းချီးပေးလိုက်သည်။ ထို့နောက် စတီဖင် ဒီဒဲလပ်စ်ကို လှမ်းမြင်လိုက်ပြီးနောက် မူလီဂန်သည် သူ့ဘက်သို့ ကိုယ်ကိုကိုင်းကာ လက်ဖြင့် လေထဲတွင် လက်ဝါးကတ်တိုင်ပုံစံ သုံးကြိမ်လုပ်လိုက်ကာ လည်ချောင်းတွင်း အာလုတ်ကျင်း၍ ခေါင်းကို ခါရမ်းလိုက်သည်။ မကျေကလည်းမကျေနပ် အိပ်ချင်ကလည်းအိပ်ချင်သေးသည့် စတီဖင် ဒီဒဲလပ်စ်သည် လှေကားလက်ရမ်းထိပ်တွင် လက်ကိုတင်ကာ မြင်းမျက်နှာလို ရှည်ရှည်၊ မရိပ်မသင်ထားဘဲ ခပ်ကြမ်းကြမ်းနှင့်ဝက်သစ်ချရောင်ဖျော့ဖျော့ရှိသော ဆံပင်နှင့် အာလုတ်ကျင်းရင်း လှုပ်ရမ်းနေသည့် မျက်နှာကို အေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။
ဘတ် မူလီဂန်သည် ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပန်းကန်လုံးကို ကျကျနန်ပြန်ဖုံးထားလိုက်သည်။
-ဘားတိုက်ကိုပြန်တော့ သူက ခပ်တင်းတင်းပြတ်ပြတ်ပြောလိုက်သည်။
တရားဟောဆရာတစ်ဦး၏အသံဖြင့်:
-အိုး ချစ်ခင်ရသော အကြင်သူရေ ဒီဟာဟာ တကယ့်စစ်မှန်တဲ့ ခရစ္စတင်းပဲ: ခန္ဓာနဲ့ ဝိညာဉ်၊ သွေးတော်နဲ့ ဒဏ်ရာတော်တွေ။ ဂီတကိုဖြည်းဖြည်းတီးခတ်ပါလေ၊ ကျေးဇူးပြု၍။ မျက်လုံးတွေကို ပိတ်ထားကြတော့ လူကြီးလူကောင်းတို့ရေ။ တစ်ခဏလောက်ပါပဲ။ ဒီသွေးဖြူဥတွေအတွက် နည်းနည်းလောက် ဒုက္ခခံတာပါပဲ။ အကုန်လုံး ဆိတ်ငြိမ်လော့။
သူသည် အပေါ်သို့ တစောင်းကြည့်ပြီး လေချွန်သံတိုးတိုးလေးကို အကြာကြီးပေးပြီးနောက် မမှိတ်မသုန်အာရုံစိုက်၍ ခေတ္တရပ်ထားလိုက်သည်။ သူ၏ညီညာသော သွားဖြူဖြူလေးများသည် ဟိုမှသည်မှ ရွှေသွားများဖြင့် ပြောင်လက်နေသည်။ ခရိုင်ဆော့စတမော့စ်။ ငြိမ်သက်နေရာမှ စူးရှကျယ်လောင်သော ဝီစီမှုတ်သံနှစ်သံကြားလိုက်ရသည်။
-ကျေးဇူးတင်ပါတယ်၊ မိတ်ဆွေကြီးတို့ရေ ဟု သူက သွက်သွက်လက်လက်အော်ပြောလိုက်သည်။ ကောင်းကောင်းအဆင်ပြေပါပြီ။ လျှပ်စစ်မီးကိုပိတ်လိုက်ပါတော့ပါဗျာ။
ဘဘဝ
ရှင်းလင်းချက်မှတ်စုများ
တလဲမခပ်စ်(Telemachus)
နေရာ: မာတယ်လို မျှော်စင်၊ ဆန်ဒီကို့ဗ်( ဒဗ္ဗလင်ပင်လယ်အော်၊ ဒဗ္ဗလင်မြို့လယ်မှ အရှေ့မြောက်ဘက် ခုနစ်မိုင်အကွာ)
အချိန်: နံနက် ၈ နာရီ၊ ကြာသပတေးနေ့၊ ၁၉၀၄ ခုနှစ် ဇူလိုင် ၁၆။
ဟိုးမား: အိုဒက်ဆေ(The Odyssey) သည် နတ်ဘုရားများကို တိုင်တည်ပြီးနောက် ဇာတ်လမ်းအလယ်(in medias res) တွင် စတင်သည်။ နတ်သဘင်အစည်းအဝေးခေါ်ပြီး သမုဒ္ဒရာတို့ကို အပိုင်စားရသော နတ်ဘုရား ပဆိုင်ဒန်၏ သား မျက်လုံးတစ်လုံးတည်းသာရှိသော ဘီလူး ပိုလီဖဲမတ်စ်ကို သတ်ဖြတ်ခဲ့သည့်အတွက် ကလိုင်ပ်ဆို၏ကျွန်းပေါ်တွင် သောင်တင်နေသည့် အိုဒက်ဆီ ကံကြမ္မာကို ဆုံးဖြတ်ကြမည်ဖြစ်သည်။ ဉာဏ်ပညာကိုစောင့်ရှောက်သည့် နတ်သမီးဖြစ်သလို အိုဒက်ဆီကို စောင့်ရှောက်သည့် နတ်သမီးလည်းဖြစ်သည့် ဧသီနာသည် သူ့ဘက်မှ ခုခံချေပပေးသည်။ အိုဒက်ဆီကို အိသကသို့ ပြန်ခွင့်ပြုသင့်ပြီဟု ဆုံးဖြတ်လိုက်ကြသည်။ ဧသီနာသည် တာဖိုစ်ဘုရင်ဖြစ်သလို အိုဒက်ဆီ၏မိတ်ဆွေလည်းဖြစ်သည့် မန်တက်စ်ဟန်ဆောင်၍ အိသကသို့ သွားကာ အိုဒက်ဆီ၏သား တလဲမခပ်စ်ကိုရှာ၍ သူ့ဖခင်ကိုရှာဖွေကာ ဘဝတိုးတက်ရာတိုးတက်ကြောင်းလုပ်သင့်ပြီဟု တိုက်တွန်းခဲ့သည်။
တလဲမခပ်စ်သည် ဖခင်အတွက် ပူပန်နေပြီး သူ့မိခင် ပနလိုပီကို ဝိုင်းဝန်းအနိုင်ကျင့်ပိုးပန်းကာ အိုဒက်ဆီပိုင်မြေများကို မတရားရယူလိုသူများကို နှိမ်နင်းနိုင်ရေးအတွက် ဖခင်ပြန်လာပါစေဟု ဆန္ဒပြုနေသည်။ ဧသီနာက တလဲမခပ်စ်သည် သူ့ဖခင်၏သားဟုတ်မဟုတ်မေးသည့်အခါ သူက” ကျွန်ုပ်မသိသော်လည်း ကျွန်ုပ်သည် သူ့သားဖြစ်သည်ဟု မိခင်ဆိုသည်၊ မည်သူက ကိုယ့်မိဘမည်သူမည်ဝါဖြစ်သည်ကို သေချာသိမည်နည်း” ဆိုခဲ့သည်။ သူရရှိမည့် အမွေအနှစ်များကို ပိုးပန်းသူများက ဝါးမြိုနေသည်ဟု တလဲမခပ်စ်က စိုးရိမ်နေသည်။ သူတို့က တလဲမခပ်စ်ကို လှောင်ပြောင်ပြီး သတ်ရန်ကြံကြကာ အိုဒက်ဆီ ပြန်လာလျှင် အပျောက်ရှင်းပစ်မည်ဟု ကြွေးကြော်ကြသည်။ ကြွေးကြော်သံများထဲတွင် အသံအကျယ်ဆုံးမှာ အန်တီနို့စ်နှင့် ယူရီမခပ်စ်တို့ဖြစ်ကြသည်။ ဧသီနာသည် သည်တစ်ကြိမ်တွင် အိုဒက်ဆီ၏သစ္စာရှိသော မိတ်ဆွေဖြစ်သလို အိုဒက်ဆီမရှိချိန်တွင် သူပိုင်စည်းစိမ်ဥစ္စာများကို စောင့်ရှောက်ရသူ မန်တာအဖြစ် ဖန်ဆင်းပြီး တလဲမခပ်စ်ရှေ့တွင် ပေါ်လာသည်။ ဖခင်ဖြစ်သူ၏သတင်းကိုနားထောင်ပြီး သူ့အပြန်ခရီးအတွက် ပြင်ဆင်ထားရန် ဧသီနာက တလဲမခပ်စ်ကိုပြောလိုက်သည်။ ဧသီနာ(မန်တာ)သည် ပိုးပန်းသူများကို ရင်ဆိုင်ပြီး ထွက်ခွာသွားခဲ့သည်။
“ဟန်များခံ့ညားပြီး ခပ်ဖိုင့်ဖိုင့် ဘက် မူလီဂန်သည် ကြည့်မှန်တစ်ချပ်နှင့် သင်ဓုန်းဓားတစ်ချောင်းတို့ကို ကြက်ခြေခတ်ပုံစံထည့်ထားသော ဆပ်ပြာမြှုပ်တစ်ပန်းကန်ကို ဆောင်ကြည်းကာ လှေကားရင်းတွင် ရပ်နေသည်။” ယူလစ်ဆီး၏ ပထမဆုံး ဇာတ်ကြောင်းပြောသူသည် ဇာတ်လမ်းနောက်ခံကို ထောက်ပံ့ပေးခြင်းမရှိသလို ဂျိန်းအော်စတင်၏ မာနနှင့် အာဃာတ(Pride and Prejudice-1813) ၏ “တစ်လောကလုံး အသိအမှတ်အပြုလက်ခံထားသော အမှန်တရား…” နှင့် ဂျော့ အဲလိယက်၏ မစ်ဒယ်မတ်ချ်(Middlemarch 1871-2) ၏“လူ့သမိုင်းကို ဘယ်သူက များများစားစားသိချင်ပါ့မလဲ…” အဖွင့်စာကြောင်းများကဲ့သို့ စိတ်သက်သာရာကို ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။ ဘတ် မူလီဂန်၏ ‘Introibo ad altare Dei’ ဆိုသည့် ပြောစကားကိုသာ ကြားကြရသည်။ သို့သော် ဇာတ်ကြောင်းပြောသည့် ရုပ်ပိုင်းအခြေအနေကို လိုသည်ထက်ပိုမိုဖော်ပြသည့် စကားလုံးနှစ်လုံးဖြစ်သော ဆောင်ကြည်း(bearing) နှင့် ကြက်ခြေခတ်(crossed) တို့က ထူးခြားနေသည်။ “ဆပ်ပြာမြှုပ်တစ်ပန်းကန်ကို သယ်ဆောင်(‘carrying a bowl of lather’)” ဟု ဆိုမည့်အစား “ဆပ်ပြာမြှုပ်တစ်ပန်းကို ဆောင်ကြည်း(‘bearing a bowl of lather’)” ဟု မည်သည့်အတွက်ကြောင့် ရေးရသနည်း။ ဆောင်ကြည်းဟု ဆိုရသည်မှာ လုပ်ထုံးလုပ်နည်းတစ်ခုကို လေးနက်စွာ ပြုလုပ်သည့် သဘောကိုဆိုလိုဟန်ရှိသည်။ ထို့နောက် နောက်လာသည့် ဝါကျနှစ်ကြောင်းကျော်တွင် မူလီဂန်သည် ” ပန်းကန်လုံးကို မြှောက်ကိုင်ထားလျက်… ကြွေးကြော်လိုက်သည်” ကို ဖတ်ရမည်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သော ကျမ်းစာကို ရွတ်ဖတ်လိုက်သည့် ပုံစံမျိုးဖြစ်သည်။ ထိုနည်းတူပင် ကြက်ခြေခတ်ပုံစံ/ လက်ဝါးကတ်တိုင်ပုံစံ(crossed) ဆိုသည် စကားလုံးများမှာလည်း နေ့စဉ်လုပ်ဆောင်ဖွယ်ရာတို့ကို ဖော်ပြရာတွင် မလိုက်ဖက်ဟု ထင်မှတ်ရသည့် စကားလုံးများဖြစ်ကြသည်။ ထိုစကားလုံးများက ဖြစ်ရပ်နှစ်ခုကို တစ်ပြိုင်နက် ညွှန်းဆိုနေသည်။ ပထမဖြစ်ရပ်မှာ မူလီဂန်သည် နံနက်ခင်းမုတ်ဆိတ်မွေးပါးသိုင်းမွေးရိတ်ခြင်းဆိုသည့် နေ့စဉ်လုပ်ဆောင်နေကျအတွက် ပြင်ဆင်ခြင်းဖြစ်ပြီး ဒုတိယဖြစ်ရပ်မှာ ထိုနေ့စဉ်လုပ်ဆောင်ဖွယ်ရာကိုပင် သင်္ကေတသဘောဖြင့် ကြီးမြတ်လေဟန် ဖော်ပြခြင်းဖြစ်သည်။ ဘာသာရေးဆိုင်ရာ ကျင့်ထုံးများကို အမြဲလိုလို မနှစ်ခြိုက်သည့် ဂျိမ်းစ်ဂျွိုက်စ်သည် နံနက်ခင်းပြုလုပ်ဖွယ်ရာဖြင့် မစ္ဆားတရားကို လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။
ဘတ်: ပျော်တတ်ရွှင်တတ်သူဟု အဓိပ္ပါယ်ရသည်။ ထင်ပေါ်တောက်ကြွားသည်ကို သဘောကျသူဖြစ်သည်။ ဒဗ္ဗလင်ဗန်းစကားဖြင့် buckaroo(ကောင်လေး) ကို တစ်နည်းညွှန်းဆိုသည်။ Introibo ad altare Dei(ဓမ္မပွဲခံသော လူစုများနှင့်အတူ ဘုရားသခင်၏အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ) သည် လက်တင်မစ္ဆားတရားအတွက် ပထမဆုံးရွတ်ဆိုမှုဖြစ်သည်။ ဆာလံကျမ်း ၄၃:၄။ “မရိပ်မသင်ထားဘဲ” ဆိုသည် စကားသည် ဘုန်းကြီး၊ တရားဆရာများကဲ့သို့ ဦးခေါင်းကိုပြောင်အောင် ရိတ်ထားမှု မရှိခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ သာသနာ့ဝန်ထမ်းလို ခေါင်းပြောင်အောင်မရိတ်ဘဲ မစ္ဆားတရားကိုပြုလုပ်သည်ဟု ရည်ရွယ်ခြင်းဖြစ်သည်။ “ခရစ္စတင်း” သည် ခရစ်တော်ဆိုသည့် စကားလုံးကို ပုံဖျက်ထားခြင်းဖြစ်သည်။ ခရစ်တော်၏နောက်ဆုံးညစာစားပွဲကို မူလီဂန်က သရော်လိုခြင်းလည်းဖြစ်သည်။ “သွေးတော်နဲ့ ဒဏ်ရာတော်” ဆိုသည်မှာ အလယ်ခေတ်တွင် ကျမ်းကျိန်ရာတွင် သုံးသည့် ဘုရားသခင်၏သွေးတော်နှင့် ဒဏ်ရာတော်ကို ဆိုလိုခြင်းဖြစ်သည်။ ခရိုင်ဆော့စတမော့စ်(Greek- Chrysosmos)- ရွှေပါးစပ်ဟု အဓိပ္ပါယ်ရသည်။ အဟောအပြောကောင်းသူတို့ကို ချီးကျူးသော စကားဖြစ်သည်။
၁၊၁။ မူလီဂန်
မလာချီ ဘတ် မူလီဂန်သည် ဆရာဝန်၊ စာသမားနှင့် လွှတ်တော်အမတ် အိုလီဗာ စိန့် ဂျွန် ဂိုဂါတီ(၁၈၇၈-၁၉၅၇) ကို နမူနာယူထားခြင်းဖြစ်သည်။ ဂိုဂါတီသည် ဒဗ္ဗလင် ထရီနတီကောလိပ်တွင် ၁၈၉၇ မှ ၁၉၀၄ ခုနှစ်အထိ ဆေးပညာသင်ယူခဲ့ပြီး ၁၉၀၄ ခုနှစ်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ် ဝေါ်စတာကောလိပ်၌ စာသင်နှစ်ဝက်နှစ်ခု ကုန်လွန်ခဲ့သည်။ ဂျွိုက်စ်သည် ဂိုဂါတီ၊ ဆယ်မြူယယ် ထရန့်တို့( မှတ်စု ၁၊၄၉ ကိုကြည့်ရန်) တို့နှင့်အတူ ဆန်ဒီကို့ဗ် မာတယ်လို မျှော်စင်၌ ၁၉၀၄ ခုနှစ် စက်တင်ဘာတွင် ရက်သတ္တပတ်တစ်ပတ်ခန့် နေထိုင်ခဲ့သည်။(Ellmann, pp 171-76)” ကနဦးတွင် လူငယ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦးခင်မင်သလို ပြိုင်ဆိုင်လည်း ပြိုင်ဆိုင်ကြသည်။ နှစ်ဦးစလုံးသည် ဆေးပညာကို အသက်မွေးဝမ်းကြောင်းအဖြစ် စိတ်ဝင်စားသလို စာရေးဆရာများအဖြစ်လည်း ရည်မှန်းချက်ကြီးကြသည်”(p.118) ဂိုဂါတီကို ၁၈ ရာစုက ကောင်လေးများအနက် နောက်ဆုံးလက်ကျန်ဟု ပြောဆိုတတ်ကြသည်။ သူ ဖန်တီးသော အနုပညာကို ထင်သလောက်တန်ဖိုးမထားဟု ယူဆကြသူများကို သူက လက်ခံကြိုဆိုသူဖြစ်သည်။ ဂိုဂါတီသည်လည်း အနည်းငယ်ဖိုင့်သည်။ သူ့ကိုယ်သူလည်း စိတ်ပိုင်းနှင့် ရုပ်ပိုင်း ဝသည်( လက်တင်လို pinguis) ဟု ဆိုတတ်သည်။ ဂျွိုက်စ်၏ The Portrait of the Artist as a Young Man တွင် တုတ်တုတ်ခိုင်ခိုင်ကျောင်းသား ဂေါ်ဂင်(p.231) အဖြစ် တွေ့ရမည်ဖြစ်သည်။ ဘတ် မူလီဂန်၏ပြောစကားများ သို့မဟုတ် သူ၏အားနှင့်မာန်နှင့်ဟောပြောမှုများကို ယူလစ်ဆီးတွင် အတိအကျပြန်လည်ဖော်ပြထားသဖြင့် ဂျွိုက်စ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် မှတ်တမ်းတင်ခဲ့သလားထင်ရသည်ဟု ဂျွန် အက်လင်တန် ဟု ပြောဆိုခဲ့သည်။( မှတ်စု ၉၊၁၈) ကိုကြည့်ရန်။
၁၊၂။ကြည့်မှန်တစ်ချပ်နှင့် သင်ဓုန်းဓားတစ်ချောင်းတို့ကို ကြက်ခြေခတ်ပုံစံထည့်ထားသော ဆပ်ပြာမြှုပ်တစ်ပန်းကန်
မစ္ဆားတရားပွဲပြုလုပ်ရန် ဆုတောင်းစင်အနီးသို့ ချဉ်းကပ်လာသည့်အခါ ဘုန်းကြီးသည် ဝိုင်ထည့်ထားသော ခွက်၊ ပေါင်မုန့်တစ်ပန်းကန်နှင့် သန့်ရှင်းရေးပြုလုပ်ရန် အဝတ်စတို့ကို သယ်ဆောင်လာရသည်။
၁၊၂။ အဝါရောင်
အလယ်ခေတ်တွင် မိစ္ဆာဒိဌိများသည် အဝါရောင် မဖြစ်မနေဝတ်ဆင်ကြရသည်။ ((George Ferguson, Signs and Symbols in Christian Art, p. 153)
၁၊၃။ ခါးစည်းကြိုးမချည်ထားသော
မစ္ဆားတရားပွဲတွင် ဘုန်းကြီးသည် လက်ရှည်နှင့် အဖြူရောင်ဝတ်ရုံကိုဆင်မြန်းရပြီး ထိုဝတ်ရုံကို ခါးတွင် ခါးစည်းကြိုးဖြင့် ထိန်းထားသည်။
၁၊၄။ ဓမ္မပွဲခံသော လူစုများနှင့်အတူ ဘုရားသခင်၏အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ
ဂျွိုက်စ်သည် အစဉ်အလာလုပ်ထုံးလုပ်နည်းများကို တစ်သက်လုံး စက်ဆုတ်သူဖြစ်ခဲ့သည်။ စကားပြောသည့် စာကြောင်းများအစနှင့် အဆုံးတွင် မျက်တောင်အဖွင့်အပိတ်ထားသည့် အင်္ဂလိပ်ပုံနှိပ်သူများ၏လုပ်ဆောင်မှုကို သဘောမကျချေ။ ထိုမျက်တောင်အဖွင့်အပိတ်များကို သူက စိတ်မနှံ့တဲ့ ကော်မာများ(‘perverted comas’) ဟု ဆိုခဲ့သည်။ (Letters, vol. 3, p. 99) ထိုသို့ မျက်တောင်အဖွင့်အပိတ်များထားမည့်အစား ဂျွိုက်စ်သည် ဒဗ္ဗလင်မြို့သားများ ဝတ္ထုတိုပေါင်းချုပ်တွင် စကားပြောဝါကျများကြား မျဉ်းတို(dash) များထားပေးရန် တောင်းဆိုခဲ့သည်။ (Letters, vol. 1, p. 75)
၁၊၅။ ဘုရားသခင်၏အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ
Introibo ad altare Dei ကိုဆိုလိုသည်။ ဆာလံကျမ်း ၄၂:၄( ဂျိမ်းဘုရင်သမ္မာကျမ်းစာ ၄၃:၄)။ လက်တင်မစ္ဆားတရားအဖွင့်တွင် ဘုန်းကြီးက ရွတ်ဆိုတတ်သည်။ ဘတ် မူလီဂန်သည် ဆပ်ပြာမြှုပ်ထည့်ထားသော ပန်းကန်လုံးကို ကိုင်ကာ ဘုန်းကြီးကို သရော်လိုက်ခြင်းဖြစ်သည်။ မူလီဂန်သည် ခါးစည်းကြိုးမချည်ထားသော အဝါရောင် ညဝတ်အင်္ကျီရှည်ကိုဝတ်ဆင်ထားခြင်းကလည်း ဘုန်းကြီးတို့ဝတ်ဆင်ရသည့် ဝတ်ရုံကို လှောင်လိုက်ခြင်းဖြစ်သည်။ (Paul L. Briand, Jr, ‘The Catholic Mass in James Joyce’s Ulysses’, p. 313)
၁၊၆-၇။ အသံစူးစူးဖြင့် ခေါ်တော်မူလိုက်သည်
ဂျွိုက်စ်၏မှတ်စုတွင် ဂိုဂါတီနှင့်ပတ်သက်” သူ့အသံစူးတယ်ဆိုတာ ရိုမန်တစ်တစ်ဦးရဲ့ ဘုရားမဲ့စော်ကားချက်မဟုတ်ဘူး၊ သတ္တိကြောင်လို့သာ အသံစူးနေတာ” ဟု ရေးသားခဲ့သည်။
၁၊၈။ ကင့်ချ်
ကင့်ချ်သည် ဂျွိုက်စ်က ဂိုဂါတီကိုပေးထားသည့် နာမည်ပြောင်ဖြစ်သည်။ (Stanislaus Joyce, Complete Dublin Diary, pp. 13–14) kinchin – ကလေးငယ်ဆိုသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်နိုင်သည်။ ရှောင်အို ဖောင်လင်း(Seán Ó Faoláin) ကမူ ဓားဖြင့် ခုတ်ဖြတ်သည့်အသံကို အတုခိုးထားသည်ဟု ဆိုသည်။ (Ellmann, p. 131) နောက်ပိုင်းတွင် မူလီဂန်က စတီဖင်ကို “ကင့်ချ်၊ဓားသွားရေ” ဟု ခေါ်ခဲ့သည်။
၁၊၈။ ဘရင်ဂျီ (jesuit!)
ယေရှုအသင်းတော်။ ၁၅၃၉ ခုနှစ်တွင် လိုယိုလာမှ စိန့်အစ်ဂနားရှုပ်စ်က တည်ထောင်သည့် ဘာသာရေးဂိုဏ်းဖြစ်သည်။(မှတ်စု ၁၊၂၃၁။ ကိုကြည့်) ၁၅ ရာစုတွင် မြစ်ဖျားခံသည့် စကားလုံးဖြစ်ပြီး ယေရှုသခင်နာမည်ကို မကြာခဏရွတ်ဆိုသူဟု အဓိပ္ပါယ်ရသည်။ ဘရင်ဂျီများသည် ပညာရေးကောင်းစွာထောက်ပံ့ပေးမှုအတွက် နာမည်ရသည်။ ဂျွိုက်စ်လိုပင် စတီဖင်သည်လည်း ဘရင်ဂျီများအုပ်ချုပ်သည့် အဆောက်အအုံများတွင် ပညာတတ်မြောက်ခဲ့သူဖြစ်သည်။ ဂိုဂါတီသည်လည်း အလားတူကျောင်းများတွင် ပညာသင်ယူခဲ့ရသည်။ သည်နေရာတွင် ဘရင်ဂျီဆိုသည်မှာ လူလိမ်ဟုလည်း ဆိုလိုနိုင်သည်။
၁၊၉။ အမြှောက်တင်စင်
မှတ်စု ၁၊ ၅၄၂။ ကိုကြည့်ရန်။
၁၊၁၀။ မျှော်စင်
မှတ်စု ၁၊၅၄၂။ ကိုကြည့်ရန်။ အိုဒက်ဆီတွင် ဧသီနာသည် အခြားလူဟန်ဆောင်ပြီး တလဲမခပ်စ်ထံသို့သွားခဲ့သည်။ ပိုးပန်းသူများဝန်းရံနေသည့် သူ့အိမ်ကို မြင့်မားသော အိမ်တော်ဟု ဖော်ပြထားသည်။
၁။၁၁။ စတီဖင် ဒီဒဲလပ်စ်
A Portrait of the Artist as a Young Man မှ ယူထားသော ဇာတ်ဆောင်ဖြစ်သည်။ (ဆက်လက်ဖော်ပြမည်)
၁၊၁၅-၁၆။ မြင်းမျက်နှာလို ရှည်ရှည်၊ မရိပ်မသင်ထားဘဲ ခပ်ကြမ်းကြမ်းနှင့်ဝက်သစ်ချရောင်ဖျော့ဖျော့ရှိသော ဆံပင်
မှတ်စုစာအုပ်တွင် ဂျွိုက်စ်က ဂိုဂါတီနှင့်ပတ်သက် “ သူ့မှာ မြင်းလိုမျက်နှာရှိတယ်၊မရိပ်မသင်ထားဘဲ ခပ်ကြမ်းကြမ်းနှင့်ဝက်သစ်ချရောင်ဖျော့ဖျော့တော့တဲ့ ဆံပင်ရှိတယ်” ဟု ရေးသားခဲ့သည်။
၁၊၁၅။ မရိတ်မသင်ထားသော ဆံပင်
သာသနာ့ဘောင်ဝင်လျှင် ဆံပင်ကို ရိတ်သင်ရသည်။
၁၊၁၉။ ဘားတိုက်ကို ပြန်ကြတော့
စစ်ဘက်ဆိုင်ရာ စကားလုံးဖြစ်သည်။ ဥပမာပေးရလျှင် “မြို့တွင်းရှိ စစ်သည်အားလုံး ဘားတိုက်ပြန်ရန် အမိန့်ပေးလိုက်ပြီ” ’ (London Times, 3 July 1911, p. 9,)
၁၊၂၁။အိုး ချစ်ခင်ရသော အကြင်သူရေ ဒီဟာဟာ တကယ့်စစ်မှန်တဲ့ ခရစ္စတင်းပဲ
ယေရှုသခင်ပြောဆိုသည့် စကား “ထို့နောက် သူတို့စားလျက်နေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးလျက်“ယူ၍စားကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။
“ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အားပေးလျက်“သင်တို့အားလုံး ဤခွက်ကိုသောက်ကြလော့။ 28ဤသည်ကား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။ “(Matthew 26:26–28)
ခရစ္စတင်းသည် ခရစ်တော်ကို ဆိုလိုသည်။
၁၊၂၁-၂၂။ ခန္ဓာနဲ့ ဝိညာဉ်၊ သွေးတော်နဲ့ ဒဏ်ရာတော်တွေ
“သွေးတော်နဲ့ ဒဏ်ရာတော်” ဆိုသည်မှာ အလယ်ခေတ်တွင် ကျမ်းကျိန်ရာတွင် သုံးသည့် ဘုရားသခင်၏သွေးတော်နှင့် ဒဏ်ရာတော်ကို ဆိုလိုခြင်းဖြစ်သည်။
၁၊၂၆။ ခရိုင်ဆော့စတမော့စ်
(Greek- Chrysosmos) – ရွှေပါးစပ်ဟု အဓိပ္ပါယ်ရသည်။ အဟောအပြောကောင်းသူတို့ကို ချီးကျူးသော စကားဖြစ်သည်။
၁၊၂၆။ စူးရှကျယ်လောင်သော ဝီစီမှုတ်သံနှစ်သံကြားလိုက်ရသည်။
မစ္ဆားတရားတော်အတွင်း ခေါင်းလောင်းထိုးခြင်းကို ဆိုလိုဟန်ရှိသည်။ မဟုတ်လျှင်လည်း စာပို့သင်္ဘောချဉ်းကပ်လာသဖြင့် အသံပေးခြင်းလည်းဖြစ်နိုင်သည်။
၁၊၂၈-၂၉။ လျှပ်စစ်မီးကိုပိတ်လိုက်ပါတော့
ပွဲတော်မုန့်နှင့် စပျစ်ရည်တို့သည် အမြင်တွင် အသွင်မပြောင်းသော်လည်း ခရစ်တော်၏အသွေးတော်အသားတော်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ယုံကြည်ချက်။(transubstantiation) ထိုသို့ဖြစ်ပျက်သွားပြီဖြစ်သောကြောင့် လျှပ်စစ်မီးကိုပိတ်လိုက်တော့ဟု မူလီဂန်က ဆိုလိုဟန်ရှိသည်။







