Employee အော်ဂါရဗင်၏ဝန်ထမ်းများ

အော်ဂါရဗင်၏ဝန်ထမ်းများ


ကျနော် စိတ်ဝင်တစားရှိပြီးဘာသာပြန်ဖို့ဖြစ်လာသည့် ဝတ္ထုတပုဒ်ကို စာဖတ်သူမိတ်ဆွေများသို့ ကြိုတင်သိစေအပ်ပါသည်။
ရေးသူမှာ အော်ဂါရဗင်၊ ဝတ္ထုအမည်မှာ“ ဝန်ထမ်းများ” ဖြစ်သည်။ ဒိန်းမတ်နိုင်ငံသူ ၊စာရေးဆရာဖြစ်သလိုကဗျာဆရာမတယောက်လည်းဖြစ်နေပြန်သည်။
အော်ဂါရဗင် ၏ ဝန်ထမ်းများ ဝတ္ထုသည် စွဲမက်ဖွယ်ကောင်းသည်။ ဖတ်ရင်းတွေးစရာတွေ တအုံတမကြီးပေးသည်။ဆက်အတွေးမျှင်တန်းစရာ၊ တွေးခေါ်မျှော်ကိုးဖို့ ကောင်းလွန်းသည့် ဝတ္ထုဖြစ်သည်။လူသားများနှင့် ဉာဏ်ရည်တုကြားတွင် ရှုပ်ထွေးသော ဆက်ဆံရေးကို ထည့်သွင်းထားသည်။ နှစ်ဆယ့်နှစ်ရာစု၏ အလုပ်ခွင်အကြောင်းပါဟု စာရေးသူက အတိအကျ ပြောသည်။အာကာသယာဉ်တခုပေါ်ကို ဇာတ်အိမ်တည်ထားသည်။ လူသားများနှင့်လူသားမဟုတ်သော သတ္တဝါများ အတူတကွ ယှဉ်တွဲနေထိုင်ပြီး အတူတကွ လုပ်ဆောင်သည့် ဖြစ်စဉ်ကိုအခြေပြု၍ ကမ္ဘာကို စူးစမ်းသည်။
အော်ဂါရဗင်၏ ရေးသားမှုပုံစံသည် ကဗျာဆန်ပြီး စိတ်ကူးကို လှလှပပရေးခြယ်သီဖွဲ့ထားသည်။စာဖတ်သူများကို ရင်းနှီးပြီး ဂြိုလ်သားဟု ခံစားရသည့် ကမ္ဘာတစ်ခုသို့ ဆွဲသွင်းသည်။ ဇာတ်လမ်းသည် အကာသယာဉ်၏ Al ဝန်ထမ်းများနှင့် လူသားတို့သာပါသည်။ဇာတ်ကောင်များကို အင်တာဗျူးထားသည်။ကြာချိန်ကားတဆယ့်ရှစ်လစာထုတ်ပြန်ချက်ကို အမှတ်စဉ်ပေး၍ထုတ်ထားပြန်သည်။ ဤအင်တာဗျူးများမှတဆင့် စာရေးသူသည် အထီးကျန်မှု၊အထောက်အထားနှင့် နည်းပညာအလွန်တရာအဆင့်မြင့်သော လူ့အဖွဲ့အစည်းတွင်အလုပ်၏သဘောသဘာဝကို စူးစမ်းလေ့လာသည့်ဝတ္ထုဟုဆိုကာ ဆိုနှိုင်သည်။


ဝတ္ထု၏ အဓိက အားသာချက်တစ်ခုမှာ လူသား၏ စိတ်ခံစားမှုနှင့် အချင်းချင်းဆက်ဆံရေးအပေါ် Al ၏ သက်ရောက်မှုများကိုမေးခွန်းထုတ်သည်။ ထိုအမေး၊ အဖြေများသည် နက်နဲသော ရောင်ပြန်ဟပ်မှုကို လှုံ့ဆော်ပေးနိုင်စွမ်းရှိသည်။ အော်ဂါရဗင်သည် လူသားတို့၏ ဆက်နွှယ်မှုသဘောသဘာဝ၊ လူတို့စိတ်ခံစားမှု့အခန်းကဏ္ဍနှင့် နည်းပညာအပေါ် အလွန်အမင်း အားကိုးခြင်း၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များအကြောင်းကို မီးမောင်းထိုးပြသည်။ ထိုမီးရောင်သည် လင်းလက်လွန်းသည်။ ထို့ကြောင့်သာလျင် အရေးကြီးသော မေးခွန်းများ ထွက်ပေါ်လာပါသည်။
ထိုဝတ္ထုကိုဖတ်ခြင်းကြောင့်ရရှိလာနှိုင်သည့်ကျယ်ပြန့်သောအတွေးအခေါ် ၊လူ့အဖွဲ့အစည်းအတွင်းရှိ ညာဏ်ရည်တုကိစ္စ ဆက်နွယ်ချက်ဖြစ်သည်။ ဒါသည် နှစ်ဆယ့်နှစ်ရာစု ၏ လုပ်ငန်းခွင်ဖြစ်လာနိုင်သည်။


AI ၏ အခန်းကဏ္ဍတည်ရှိလာနေသည့်အပေါ် အမြင်များကို ပြန်လည်သုံးသပ်ရန် စာဖတ်သူများကို စိန်ခေါ်နိုင်စွမ်းရှိသည်။ ထိုကြောင့်သူမ ချီးကျူးခြင်းခံရပါသည်။
“ဝန်ထမ်း” များသည် နည်းပညာနှင့် လူတို့၏ဆုံရပ်ကို ဖေါ်ညွှန်းသည်။စိတ်ကူးစိတ်သန်းကောင်းသည်။စူးစမ်းလေ့လာလိုသူများအတွက် ဖတ်သင့်သည့်ဝတ္ထုတပုဒ်ဖြစ်သည်ဟု ဆိုချင်ပါသည်။
ဤဝတ်ထုကို Fiction / Literary, Fiction / Science Fiction / Genetic Engineering, Fiction / World Literature / Human-robot interaction — Drama, Interplanetary voyages — Fiction, Space ships — Fiction — Employees, Work environment — Fiction
စသဖြင့် အမျိုးအစားသွင်းကြပြန်သည်။မည်သူ့ပင်ခေါ်စေကာမူမိတ်ဆွေများဖတ်ကြည့်ဘို့ ကျနော် ဘာသာပြန်လိုက်ရပါသည်။

ဘဘဝ


အောက်ဖော်ပြပါ ထုတ်ပြန်ချက်များကို ၁၈ လတာ ကာလအတွင်း စုဆောင်းခဲ့ပြီး ယင်းအချိန်အတောအတွင်း နေထိုင်သည့် အခန်းများ၊အရာဝတ္ထုပစ္စည်းများနှင့်ပတ်သက်၍ ဝန်ထမ်းများ မည်သို့ ဆက်စပ်တွေးတောကြသည်ကို ပိုမိုနက်ရှိုင်းစွာ သိရှိနားစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကော်မတီသည် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။ အလုပ်ခွင်ရှိ လုပ်ငန်းလည်ပတ်ပုံနှင့်ပတ်သက်၍ သတင်းအချက်အလက်ရရှိရေး၊ အရာဝတ္ထုပစ္စည်းများက ဝန်ထမ်းများအပေါ် ရှိနေသည့် သက်ရောက်မှုကိုသာမက ထိုသက်ရောက်မှုများ သို့မဟုတ် ဆက်ဆံရေးများက ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းတွင် ကာလရှည်ကြာစွာ သွေဖယ်မှုရှိလာစေမှုပါကို စုံစမ်းစစ်ဆေးရေး၊ ဆက်စပ်၍ ထိုသက်ရောက်မှုများကြောင့် ဝန်ထမ်း၏စွမ်းဆောင်မှုတွင် ကျဆင်းမှု၊ တိုးတက်မှု မည်မျှအဆင့်ထိရှိသည်၊ တာဝန်နှင့်ဆက်စပ်သော နားလည်မှု၊ အသိသစ်၊ စွမ်းရည်သစ်ရရှိမှု၊ ထိုမှတစ်ဆင့် ထုတ်လုပ်မှု၏ သီးခြားစီအကျိုးဆက်များကို ဖော်ထုတ်နိုင်မှုတို့ကို သုံးသပ်ရေးတို့နှင့်ပတ်သက်၍ အာဃာတမပါသော မှတ်တမ်းများမှတစ်ဆင့် လေ့လာရန် ကျွန်ုပ်တို့ ဆန္ဒရှိခဲ့ပါသည်။


ဝန်ထမ်းများ

ထုတ်ပြန်ချက်အမှတ် ၀၀၄


သူတို့ကို သန့်ရှင်းဖို့က မခက်လှပါဘုး။ ကျွန်မအထင် ခပ်ကြီးကြီးပစ္စည်းက တဝီဝီမြည်သံထွက်တယ်။ မဟုတ်ရင်လည်း အသံထွက်တယ်လို့ ကျွန်မ တွေးမိတာလည်းဖြစ်နိုင်ပါတယ်။ ခင်ဗျားဆိုလိုတာ ဒါမဟုတ်ဘူးထင်တယ်။ ကျွန်မလည်း မသေချာလှဘူး။ ဒါပေမဲ့ ဒါကြီးက အမမဟုတ်ဘူးလား။ ကြိုးတွေက ရှည်တယ်။ ဖိုင်ဘာကြိုးအပြာနဲ့ ငွေရောင်ကို ပေါင်းချည်ထားတာ။ ချုပ်ရိုးချုပ်သား အဖြူရောင်ထင်းထင်းပါတဲ့ နွားသားပေါက်ရောင်သားရေကြိုးနဲ့ သူ့ကို ချည်ထားတာ။ တကယ်ဆိုရင် နွားသားပေါက်က ဘာအရောင်ဖြစ်မလဲ။ ကျွန်မမှ မမြင်ဖူးတာ။ သူ့ဗိုက်ကနေ ဒီပန်းရောင်နဲ့ ခပ်ရှည်ရှည်ကြိုးလိုအရာက ထွက်နေတယ်။ ဒါကို ဘာလို့ခေါ်ကြလဲ။ အပင်က ထွက်တဲ့ အညှောင့်ရှည်ရှည်လိုမျိုး။ အဲ့ဒါက အခြားဟာတွေထက် သန့်ရှင်းဖို့ အချိန်ပိုကြာတယ်။ ကျွန်မ ဘရပ်ရှ်သေးသေးလေးတစ်ခုကို ပုံမှန်အားဖြင့် သုံးလေ့ရှိတယ်။ တစ်ရက်မှာ သူက ဥအုရော။ သူ့ကို တစ်ချိန်လုံး တွဲလိုဆွဲထားလို့မသင့်ဘူးလို့ ပြောခွင့်သာရမယ်ဆိုရင် ဒီနေရာမှာ ပြောချင်မိတယ်။ အောက်ကိုကျလည်းကျရော ဥက ကွဲရော။ ကွဲသွားတဲ့ ဥအနှစ်တွေက သူ့အောက်က ကြမ်းပြင်ပေါ်မှာ။ ဥအသားတွေထဲမှာ အညှောင့်အဖျားက စိုက်နေတယ်။ ကျွန်မရှင်းလင်းပစ်ရတာပေါ့။ ဒါကို အရင်က ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။ မပြောခဲ့တာ အမှားလည်းဖြစ်နိုင်တယ်။ နောက်တစ်နေ့မှာ တဝီဝီမြည်သံကြားလာရတယ်။ လျှပ်စစ်တအုပ်အုပ်မြည်သံလိုမို့ တဝီဝီမြည်သံထက်တော့ ကျယ်တယ်။ နောက်တစ်ရက်လည်းကျရော သူက တိတ်နေပြန်ရော။ အဲ့ဒီအချိန်ကစလို့ သူ အသံမပေးတော့ဘူး။ ဝမ်းနည်းမှုတစ်စုံတရာရှိနေလို့များလား။ ကျွန်မလက်နှစ်ဖက်စလုံးကို သုံးတာပါ။ အခြားလူတွေရော တစ်ခုခုကြားတယ် မကြားဘူး ကျွန်မလည်း မသေချာဘူး။ အားလုံးအိပ်နေတဲ့အချိန်မှ ကျွန်မ အဲ့ဒီနေရာကိုသွားတတ်တာမို့လေ။ အဲ့ဒီနေရာကို သန့်ရှင်းအောင်ထားရတာ ပြဿနာမရှိဘူး။ ကျွန်မ ကမ္ဘာငယ်လေးတောင်ဖြစ်နေပြီ။ သူ နားနေတုန်း ကျွန်မ သူ့ကိုစကားပြောတယ်။ များများစားစားတော့ မဟုတ်ပါဘူး။ အခန်းနှစ်ခန်းပဲရှိတာကိုး။ ကမ္ဘာငယ်လေးလို့ ရှင်တို့က ပြောကောင်းပြောနိုင်တယ်၊ ဒါပေမဲ့ ကိုယ်က သန့်ရှင်းရေးလုပ်နေရတယ်ဆိုရင်တော့ အဲ့ဒီလိုခေါ်မှာမဟုတ်ဘူး။

ဘဘဝ
Olga Ravn ‘s The Employees