The Government Lake ယုန်ကဲ့သို့လဲပြိုကျသွားခြင်းအတွက် အမှာ

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်

အမှာ


“ကောင်းကင်သည်ယုန်ကဲ့သို့လဲပြိုကျသွားသည်”ဟာ ဂျိမ်းစ် တိတ် (၁၉၄၃ – ၂၀၁၅ )ရဲ့နောက်ဆုံး စုစည်း ထုတ်ခဲ့တဲ့ အစိုးရရေကန် (The Government Lake) ကဗျာစုထဲက တချို့ကို မြန်မာမှု ပြုထားတာပါ။ အစိုးရ ရေကန်စာအုပ်အဖုံးမှာတိတ်ရဲ့နောက်ဆုံးကဗျာများလို့ ရေးသားထားပါတယ်။ ”တိတ်သေခါနီး ရေးသွား ခဲ့တဲ့ကဗျာအများစုက ဇာတ်ကြောင်းပြောနည်းနဲ့ရေးသွားတယ်။ free verse ကဗျာဗေဒ ရဲ့နာရီ၊ မီတာ သတ်မှတ်ချက်တွေကို ခွါချလိုက်တယ်။ လိုင်းတွေ မပါတော့။ ဝါကျ အပြည့် တွေဖြစ်လာ တယ်။ မက်သရူးဇက်ပရူဒါ ညွှန်းခဲ့တဲ့အတိုင်း ဖရီးဗာ့နည်းနာ တွေ ချိုးဖောက် လိုက် တယ်ဆိုတော့ ဘယ်လိုကဗျာ အမျိုးအစားလဲ လို့ ကျွန်တော်တို့ခေါ်မလဲ။

  • လိုရင်း တိုရှင်း
  • ကိုယ်ပိုင် ဟန်၊ထောင့်အသစ်ကနေ ချဉ်းကပ်။
  • ကျေနပ်စရာဇာတ်သိမ်း။
  • ယုတ္တိအဆင့်ဆင့်
  • တီထွင်ဖန်တီးမှုနှင့်ကိုယ်ပိုင်အတွေး
  • ကဗျာဆရာရဲ့ တကယ့်အမှန်တရားနဲ့ အဖြစ်မှန်ကိုသိနားလည်ခြင်း။
  • ရှေ့နောက်ညီညွတ်မှု။
  • ပြီးပြည့်စုံတဲ့စာလုံးပေါင်းနဲ့ သဘာ ၀ ကျမှု
  • စာဖတ်သူတွက်ပုံရိပ်တွေကိုတဆုတ်တခဲပေးဖို့
  • အာရုံကျစရာနှစ်သက်ဖွယ်သောဘာသာစကား။
  • နာရီ စည်းဝါးကို ပုဒ်ဖြတ်ပုဒ်ရပ်များနှင့် ဘာသာစကားတိကျမှု
  • သင်၏ကိုယ်ပိုင် “အသံ” ကိုရယူရန်အတွက်လက်တွေ့နှင့်အတွေ့အကြုံလိုအပ်သည်။

ကျွန်​တော် မြန်မာမှုပြုထားသောကဗျာများနှင့်။ BACOPA LITERARY REVIEW ရဲ့အယ်ဒီတာ များထုတ်ပြန်ထားတဲ့ စကားပြေကဗျာတင်ပြချက်များ အချက် ဆယ့်နှစ် (၁၂) ချက် နဲ့ လွန်စွာ ကိုက်ညီနေတာတွေ့ရမှာဖြစ်တယ်။ ဒါကြောင့် စကားပြေကဗျာများဖြစ်တယ်လို့ မက်သရူးဇက်ပရူဒါ က ဖော်ထုတ်တယ်။ တိတ် အင်တာဗျူးတခုမှာလည်း “ဂျိမ်းစ်တိတ် စကားပြေရေးတာနဲ့ ကဗျာရေး တာ လုံးဝကွဲပြားတယ် လို့ပြောတယ်။ တစ်မျိုးနဲ့တစ်မျိုးရောစပ်လို့မရပါဘူး။ စကားပြေရေးနေတုန်း ကဗျာ မရေးဘူး။ အခုရေးနေတာတွေစကားပြေကဗျာ၊ ဒီစကားပြေပုံစံကိုစူးစမ်းရေးနေတာ၊ အဲဒီအမျိုး အစားကို စူးစမ်းဖေါ်ထုတ်ရတာ ငါတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားနေတယ် လို့ပြော တယ်။

စကားပြေကဗျာတစ်ပုဒ်နဲ့ဝတ္ထုဇာတ်လမ်းတိုတို့ အကြား ခြားနားချက်ရှိသလား။ ဘယ်လိုသတ်မှတ်မလဲ မေးတော့စကားပြေကဗျာတွေမှာ စိတ်ကူးယဉ်အရည်အသွေးတွေရှိကောင်းရှိမယ်။ ယခုငါရေးနေတဲ့စာ တော် တော်များ များဟာ ဇာတ်ကြောင်းတွေသာဖြစ်တယ်။ ငါလည်း ဒီအာကာသထဲမှာနေတော့ အကန့် အသတ်ရှိတာပေါ့။ ကြွယ်ဝတဲ့စကားပြေတပုဒ် ကိုတည်ဆောက်ဖို့ အပေါ်၎င်းရဲ့ဖိအား – သွားလို့တဲ့ နေရာ ကို ဘယ်လိုရောက်သွားမလဲဆိုတဲ့ ရေးနေစဉ်ဖိအားတွန်းအားရှိတယ်။ ဝတ္ထုတိုတစ်ပုဒ်က ဇာတ် လမ်း အဖြောင့်မဟုတ်တောင် စကားပြေကဗျာမှာ ကွေ့ကောက်လို့မရဘူး၊ တကယ့်ဖြစ်ရပ်တချို့ ကပ် ပါနေ ရတယ်။ ယတ္တိတန်တဲ့ပြောဇာတ်တွေပါတယ်။ အရာတိုင်းဟာ အဆုံးစွန်ရည်မှန်းချက်ကို ဖြည့် ဆည်း ပေးရမယ်။ အဲဒါကိုရောက်တဲ့အထိဘာဖြစ်မယ်ဆိုတာငါတတ်အပ်မသိဘူး။ “ လို့ တိတ် အပြော အရ ဒီ သူ့နောက်ဆုံးအချိန် ရေးခဲ့တဲ့ အစိုးရရေကန်ကဗျာစုဟာ စကားပြေကဗျာ ဆိုတာယုံကြည်ရ တယ်။

အကြောင်းအရာများစွာကိုကဗျာရေးသွားခဲ့တာတွေ့ရမှာဖြစ်တယ်။ သူရဲ့ကဗျာကိုဖတ်နေရင်း မထင်မှတ် ထားတဲ့အဖြစ်အပျက် မြင်ကွင်းတခုကိုချက်ခြင်းပြဖို့ဖတ်သူဇက်ကိုဆွဲလှည့်သလို ပြတတ်တယ်။ တခါတခါ ဇောက်ထိုးမိုးမျော် ဖြစ်အောင် ကြမ်းကြမ်းကွေ့လိုက်တာတောင် တွေ့ရတတ်တယ်။ ကဗျာ ဖတ် သူမငြီးငွေ့စေတဲ့အပြင် သာယာနာပျော်စရာဖတ်ရင်းက ရတတ်တယ်။ အပြောကောင်းတဲ့ ကဗျာ ရေးသူပါ။ မှော်အတတ်ရသူလို့တောင်ပြောရမလိုပဲ ။ တချို့ကဗျာတွေဖတ်နေရင်း ကဗျာ ဖတ်သူပါ အရုပ် ကျိုးပြတ် တွယ်ရာမဲ့သလို ခံစားစေပြီး ရင်ထဲလေဟာနယ်တခုလို့ ဖြစ်အောင် တွန်းပို့တတ်တယ်။ ဖတ်ပြီးလိုက်တဲ့အချိန်မှာသူပြောသွားတဲ့အရာတွေဘဲ ကြည့်ဘို့အစီအစဉ်အတိုင်း ကျန်ခဲ့ တာပဲ။သူ့စိတ်မှာပေါ်လာတာ၊စိတ်အတွင်းအဖြစ်အပျက်တွေကို စူးစိုက်ပြီး အမျိုးအစားစုံစုံလင်လင်ပဲ ။သူရေးခဲ့ချင်တာရေးသွားတာ ကျွန်တော်တို့ဖတ်ဘို့ဖြစ်လာခဲ့တာပဲ။တိတ်ရဲ့ကဗျာတွေက ရိုးရှင်းတယ်။ အရှိကိုအရှိတိုင်းရေးတဲ့နေရာမှာ ဟာသဉာဏ်က ကပ်ပါနေတော့ ကဗျာဖတ်သူမှာ ကြယ်တွေစုံတဲ့ညချမ်းမှာ လေကတဖြူးဖြူးနဲ့တကယ် ကြည်နူးစရာ ရင်မှာဟာဒယ အပြည့်ရှိတယ်ဆိုရမှာပဲ။တိတ်ရဲ့ကဗျာတွေရဲ့ထူးခြားချက်က လောကကြီးရဲ့ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လေးတွေကို ထူးခြားအောင် သင်္ကေတ ၊ အမှတ်အသား ထူးခြားတဲ့ဂုဏ်ဒြပ်ဖြစ် လာအောင်အသက်သွင်းနိုင်တာပဲ။အမှိုက်ထဲက ရွှေထွက်အောင်စွမ်းရည်ရှိတဲ့ရွှေလက် လို့ပြောလောက်အောင်ပဲ။ ထူးဆန်းထွေလာတွေ နာပျော် အောင်ရေးတတ်လွန်းတယ်။ တခုမဟုတ်တခုကိုစိတ်ဝင်းတစားရှိအောင် မှော်အတတ်တတ်လွန်းတယ်။ လူလောကကြီးရဲ့ ချောင်ကျိုချောင်ကြားတွေပါ အရေးပါလာတတ်အောင် သူကဗျာ့တွေက ဖတ်သူဆီ အရောက်ပို့ပေးတယ်။ဒါ တိတ်ရဲ့ဖန်တီးမှုတွေပဲလို့ ပြောရင်း ကောင်းကင် လည်းယုံသူငယ် လဲပြို သွားတာ ဖတ်ပြီးသဘောကျ နှစ်သက်မိမယ်လို့ ယူဆပါတယ်။

၄/၀၆/၂၀၂၀

ဘိုဘိုဝင်း