The Floating Bridge လွင့်မျောနေတဲ့တံတား (2)

လွင့်မျောနေတဲ့တံတား (ဘာသာပြန် စကားပြေ ကဗျာ)
PROSE POEMS
DAVID SHUMATE

ပိုနိုအနမ်းတက္ကသိုလ်

ပါရီမှာ ရှေးကျတဲ့ နမ်းခြင်းအနုပညာကို လေ့လာနိုင်တဲ့ ကျောင်းတွေ ရှိတယ်လို့ ပြောတယ်။ လူသိရှင်ကြား မကြော်ငြာဘူး။ လမ်းညွှန်ခံရဘို့ သင် သူတို့ကို ရုတ်တရက်တွေ့တာမျိုး သို့မဟုတ် အရာရှိငယ်ကို လာဘ်ထိုးတာမျိုး လုပ်ရမယ်။ ကြမ်းပြင်ကနေ မျက်နှာကျက်ထိ မှန်အပြည့် ဘဲလေး စတူဒီယိုကို ပုံဖော်ကြည့်တယ်။ဒါပေမယ့် အားလုံးကို ပန်းခြံတွေထဲ သတိရှိရှိနဲ့ လုပ်သွားတာ ဖြစ်နိုင်တယ်။ တစ်ချို့လူတွေက တစ်ပတ် နှစ်ပတ်အတွင်း တတ်သွားတယ်။ တခြားသူတွေကတော့ ဒီအနုပညာ ပြည့်စုံအောင်လုပ်ရင်း နှစ်တွေကြာတယ်။ ကရာတေးလို သို့မဟုတ် ဂျူဂျစ်ဆု လို။ ဆရာကြီး တစ်ယောက်ရဲ့လက်အောက်မှာ လအနည်းငယ် ပညာသင်ယူခဲ့တဲ့ မိန်းကလေးတစ်ယောက်နဲ့ ကျွန်တော် သိခဲ့တယ်။ သူမ အမေရိကကို ပြန်ရောက်တော့ ဒါက မရီအမ်ထွမ်နက် ကို နမ်းရသလိုပါပဲ။ မင်းရဲ့ချက်ထိစိမ့်ဝင်သွားအောင် နှုတ်ခမ်းနဲ့ လျှာတို့ကိုသုံးပြီး နမ်းတယ်။ အဲဒီတုန်းက ပါရီမြို့ကို ကျေးဇူးကြွေး အများကြီးတင်ခဲ့တယ်။
ဘဘဝ
The Kissing Institute ; the floating bridge by David Shumate ကို ပြန်တယ်။

ဥတ္တရလေ

မြောက်လေဟာ အပေါ်ထပ်အခန်းကို ရွှေ့သွားတယ်။ အဲဒါက ခေါင်မိုးထပ်အခန်းမို့ ပြတင်းပေါက်တွေကို ဖွင့်ထားခဲ့လို့ရပြီး၊ သူ့စိတ်ကြိုက် ဝင်ထွက်လို့ရတယ်။ သူ ခရီးတွေ အများကြီးထွက်ပေမယ့် သူ မြို့ထဲမှာ ဘယ်အချိန်ရှိတယ်ဆိုတာသိတယ်လေ ဘာကြောင့်ဆို သူဟာ ပထမရက်အနည်းငယ်မှာ ပစ္စည်းတွေကို ဟိုပစ်ဒီပစ် ပစ်ရင်း သူ့အခန်းတွေထဲ အပြေးအလွှား သွားနေရတယ်။ အိမ်နီးနားချင်းလုပ်ရမဲ့ ကိစ္စကတော့ ကြိုဆိုခြင်းလက်ဆောင်တစ်ခုနဲ့ အပေါ်တက် သူနဲ့အတူထိုင် စကားစမြည်ပြောဘို့ပဲ။ ဒါပေမယ့် လေရဲ့ကျင့်ဝတ်ကို ငါ မသိသေးတဲ့အတွက် သူ့ကို စော်ကားသလို တစ်ခုခုပြောမိမှာ စိုးရိမ်မိပြီး၊ နောက်ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ။ တောအုပ်ဆိုရင်တော့ ခဏ အတူတူ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေရုံပဲ။ သမုဒ္ဒရာဟာလည်း အလားတူစည်းမျဉ်းတွေနဲ့ ပဲ နေတယ်။ ဒါပေမယ့် လေဟာ ငါ့ကို မပြီး တစ်ခန်းပြီး တစ်ခန်း ဇောက်ထိုး သယ်ချင်ရင်သယ်သွားနိုင်ပြီး၊ ပတ်ဝန်းကျင်ကို အလည်သွားဖို့ ပြတင်းပေါက်ကနေ ပုခုံးပေါ်ထမ်းပြီး ခေါ်သွားနိုင်တယ်။ ရည်းစားဟောင်းတစ်ယောက် ဖြတ်သွားရင်း အခု ငါ ဘယ်လိုလူစားမျိုးနဲ့ ပေါင်းနေလည်း မြင်သွားနိုင်ပြီး ငါ့ ပြသနာ အရှုပ်ထုပ်တွေကို မှန်းကြည့်မိနိုင်တယ်။

ဘဘဝ

North Wind : the floating bridge by David Shumate
ဘဘဝ


၁၈၉၀ က ကလေးရုပ်ပြစာအုပ်များ


သူတို့ စာမျက်နှာအစပ် အနားလာပြီး ငေးကြည့်နေကြ။ အောက်ခံဘောင်းဘီတွေ။ ဦးထုပ်ဆောင်းရတာ၊ အနားအလှကွပ်စကတ်တွေဝတ်ရတာ၊ ကျစ်ဆံမြီးနဲ့ နေရတာ။ တုတ်နဲ့ ဘောလုံးရိုက်ကစားရတာ တွေကို ငြီးငွေ့ပြီ။ သစ်ပင်တွေကို လေတိုးတဲ့ နေရာ၊ နေသာတဲ့နေရာ၊ ညအမှောင်ကျတဲ့နေရာ တွေမှာ မင်းနဲ့ လာပူးပေါင်းချင်ကြတယ်။ မင်းရဲ့ဦးထုပ်နဲ့ မင်းရဲ့ ရယ်စရာအင်္ကျီကို စမ်းဝတ်ချင်ကြပြီ။ တပ်မက်ခြင်းဆိုတဲ့ အရာကို သိလိုကြပြီ။ စာမျက်နှာ သုံးဆယ့်နှစ်က ဆံနီ ကောင်မလေးက စာမျက်နှာ ဆယ့်လေးက ပိန်ရှည်ရှည် ကောင်လေးနဲ့ စတင်ချင်တယ်။ ပြီး အတူအိပ်ချင်တယ်။ ပီရူးကို ခရီးထွက်ချင်တယ်။ ဒါပေမဲ့ တောနက်ထဲက စုန်းမကြီးက သူတို့ကို လုပ်ကြံတယ်။ သူတို့မရှိရင် သူမဘဝက အဓိပ္ပါယ်မရှိဘူး။ တောင်တွေပေါ်မှာ သူတို့ကို တားဖို့ လူထွားကြီးဆီ စာတစ်စောင် ပို့လိုက်တယ်။ အမှောင်ထုကို ဆွဲချဖို့ သူ့ကျီးကန်းတွေကို အမိန့်ပေးတယ်။ စာအုပ်အဆုံးမှာ သူတို့ဟာ သူမရဲ့အစာ ဖြစ်လာမယ်လို့ သူမ ထင်တယ်။ စာမျက်နှာ ရှစ်ဆယ့်သုံးကိုတော့ သူမ ဘယ်တော့မှ မမှတ်မိဘူး။ သူမကို သူတို့ ပို့ဆောင်ပေးမဲ့ တောင်စောင်းက ကျောက်တစ်တုံး ပေါ့။ ဇာတ်ရှုပ်ကို ဖြည်လိုက်ရင်တော့။ နောက်ဆုံး သူတို့ ငါတို့ကမ္ဘာကို ရောက်လာတော့ လမ်းမတွေပေါ် ရက်အတော်ကြာ လျှောက်သွားနေကြတယ်။ အတိတ်ကို တီထွင်ပြီး အတိတ်နဲ့ ကြိုးစား ရောသမကြည့်တယ်။ ကောင်မလေးက စားသောက်ဆိုင်မှာ သင့်ရဲ့ ကော်ဖီကို ငှဲ့ပေးတယ်။ ပန်းကန်တွေကို သန့်ပြီးတော့ ကောင်လေးက လမ်းကြားမှာ ဆေးလိပ်သောက်တယ်။ သူတို့ရဲ့ လျှို့ ဝှက်ချက်တွေကို လျှို့ဝှက်ထားဖို့၊ နှစ်ယောက်အတူနေဖို့ သိနားလည် သွားကြတယ်။ အစမှာတော့ လူတိုင်းဟာ အရမ်း သနားကြင်နာပုံရတယ်။ တောအုပ်ထဲက စုန်းမကြီးလိုပဲ။
ဘဘဝ
Children’s book illustrations, Circa 1890 ; The floating bridge by David Shumate


လွန်ခဲ့တဲ့ နှစ် ၃၀ က ရေးခဲ့တဲ့ ကဗျာ

လွန်ခဲ့တဲ့ နှစ် ၃၀ က ငါရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို အမှတ်တမဲ့တွေ့လိုက်မိတယ်လို့ မင်းပြောတယ်နော်။ ပြီးတော့ အဲ့ဒီကဗျာက အတိတ်ကို ပြန်ခေါ်သွားတယ်ပေါ့။ အဲ့ဒီအချိန်ကစလို့ ကိစ္စဝိစ္စတွေ အများကြီးဖြစ်ခဲ့တယ်လို့ မင်းပြောတယ်။ မိန်းမတွေယူကြတယ်။ ကလေးတွေရကြတယ်။ ကိုယ့်စိတ်နှလုံးကို တတိတိတိုက်စားမယ့် အလုပ်တွေ လုပ်ကြရတယ်။ အဲ့ဒီနေ့တွေတုန်းက မင်းနဲ့ပတ်သက်လို့ ဘာတွေများအမှတ်ရမိလဲလို့ မင်းမေးတယ်နော်။ ဘာလို့လဲဆိုတော့ မင်းရဲ့တစ်စိတ်တစ်ပိုင်းကို ချန်ရစ်ထားခဲ့ရလို့လို့ ဆိုတယ်။ ကဗျာထဲမှာက မြက်ပင်တွေကြားထဲ ပုရစ်ရှာတဲ့ တရုတ်ကဗျာဆရာနှစ်ယောက်အကြောင်းပါတယ်။ မင်းလည်း မြက်ခင်းပေါ်နင်းပြီး လရောင်အောက်လမ်းလျှောက်ချင်တယ်လို့ ပြောတယ်။ လမ်းပေါ်က ခွေးတွေ ဟောင်နေလည်းဟောင်ပေါ့။ ကဗျာထဲက အဘိုးကြီးတွေက ငါတို့အရင်ကအတိုင်းပဲ အရက်မူးနေကြတာ။ ပြီးတော့ သူတို့က ပါးစပ်က ပွစိပွစိနဲ့လေ။ တစ်ယောက်က ကျောက်ခဲတွေ ပစ်ပေါက်နေတယ်။ နောက်တစ်ယောက်ကလည်း မိုးမခပင်ရိုးတံကို တထုတ်ထုတ်ကိုက်နေတယ်။ သူတို့ကြည့်ရတာ သိပ်အသက်ဝင်တာပဲ။ ပူပင်စရာတွေ ကင်းလိုက်ပုံများ။ ဘယ်တစ်ယောက်က ငါလဲလို့ မင်းတွေးကြည့်တယ်။ ပြီးတော့ ဘယ်တစ်ယောက်က မင်းလဲပေါ့လို့ တွေးမှာပဲ။
ဘဘဝ
A Poem I Wrote Thirty Years Ago ;
The floating bridge by David Shumate



ဂါးထရု စတိုင်းရဲ့ ဥယျာဉ်မှူး

တစ်ခါတလေလည်း ကိုယ့်ကိုယ်ကိုယ် ဂါးထရု စတိုင်းရဲ့ ဥယျာဉ်မှူးလိုလို၊ သူ့ချစ်သူ အဲလစ် ဘီ တော့ကလာစ်လိုလို စိတ်ကူးကြည့်တတ်တယ်။ မနက်တိုင်း အပေါ်ကထပ်ဝတ်ရတဲ့ အညစ်ခံအဝတ်တွေဝတ်၊ ရာဘာဖိနပ်စီးလို့ ရောက်လာပြီး သူတို့နှစ်ယောက်နဲ့ လက်ဖက်ရည်အတူသောက်၊ ပြီးရင် ခြံဝင်းထဲဆင်းပြီး စာကလေးပန်းပင်(delphinium) နဲ့ နှစ်ရှည်နှင်းပွင့်ပင်(gypsophila) တွေကြား တူးလိုက်ဆွလိုက်၊ သလိုက် လုပ်မယ်။ အဲ့ဒီစိတ်ကူးယဉ်ဇာတ်လမ်းထဲမှာ ကျွန်တော်က ပြင်သစ်စကားပြောပြီး စစ်တွင်းမှာ ခြေထောက်ပြတ်သွားတဲ့ ညီအစ်ကိုတစ်ဝမ်းကွဲအကြောင်း ပြောပြမယ်။ ပြီးတော့ ကျွန်တော့်မိန်းမရဲ့ တင်ပါးရှူးရှူးလေးအကြောင်းရောပေါ့။ သိပ်မကြာဘူး ဟဲမင်းဝေးလည်း သူ့သတို့သမီး ဟက်ဒလေနဲ့ရောက်လာပြီး သူက ဝေးလံသီခေါင်တဲ့ဒေသတွေမှာ စွန့်စားခဲ့သမျှ ဇာတ်လမ်းတွေကို ပြောပြမယ်။ ပြီးတော့ ပီကာဆိုကလည်း အခန်းတိုင်းကို လက်သုတ်ပဝါမှာ ပုံကြမ်းရေးပြီး စကားပြောနေသူကို အမေရိကန်ဒွန်ကွီးဇုတ်လိုမျိုးဖြစ်အောင် ပုံဖော်လိမ့်မယ်။ ဖစ်ဂျရယ်ကတော့ သူ့နောက်ကနေ လှမ်းကြည့်ပြီး သရော်တော်တော်ပြုံးလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျွန်တော်သုံးယောက်ထဲပါပဲ။ ပြတင်းပေါက်တွေကို ဖွင့်ထားမယ်။ မနက်အစောပိုင်း မိုးရွာပြီးနောက် ကြည်လင်တောက်ပနေတာပေါ့။ အဲလစ်က စားထားတဲ့ပန်းကန်တွေသိမ်းဖို့ စောင့်နေမယ်။ ခဏလောက်တော့ မသိရင် ကျွန်တော်က အရံချစ်သူတစ်ယောက်လို။ ဒါပေမဲ့ အိပ်ရာပေါ်မှာ သုံးယောက်စာမလောက်ဘူးဆိုတာ အားလုံးသိကြပါတယ်လေ။
ဘဘဝ
Gertrude Stein’s Garden ; the floating bridge by David Shumate


ဘဘဝ


ကျမ်းစာ ခါးပတ်

ကျယ်ပြောပြီး မြေသြဇာကောင်းသောမြေဖြစ်တယ်။ ပဲပိစပ်နှင့် ပြောင်းတို့ ဒီမြေမှာ ဖြစ်ထွန်းတယ်။ ဂျုံနဲ့ ဆေးရွက်ကြီး။ အပူပိုင်းပြောင်းမျိုးလည်း နည်းနည်း ဖြစ်တယ်။ ကျောက်ဆောင်ကမ်းပါးကို ပင်လယ်လှိုင်းတွေ ပုတ်နေတဲ့ နယ်မြေတော့မဟုတ်ဘူး။ အနည်းငယ်မညီညာတဲ့ လွင်ပြင်များသာ။ ရှည်လျားသွယ်တန်းတဲ့ မြက်ခင်းပြင်များ။ ဘုရားသခင်က မင်းကို ဘာလုပ်စေချင်တယ်ဆိုတာ ပြောပြတဲ့ အဝေးပြေးလမ်းတစ်လျှောက် ဆိုင်းဘုတ်တွေကိုမြင်တာနဲ့ မင်း ဒီနယ်မြေကို ဝင်လာမှန်း မင်းသိတယ်။ အဲ့ဒါတွေကို လူသိအောင်လုပ်ရမယ်ဆိုတာ ဒီမှာနေတဲ့လူတွေက သူတို့တာဝန်လို့ မှတ်ယူကြတယ်။ ဒီလိုမှမဟုတ်ရင် တိုင်းပြည်ရဲ့ကျန်တဲ့ဒေသတွေဟာ အမှောင်ထဲမှာ ကျန်နေခဲ့လိမ့်မယ်။ ဒီဒေသက သမ္မာကျမ်းစာတွေဟာ အခြားနေရာက သမ္မာကျမ်းစာထက် ပို ကြီးတယ်။ အများစုက ပေါင်တစ်ရာကျော် လေးတယ်။ ဘုရားကျောင်းကိုပင့်ဖို့ ပစ်ကပ်ပေါ် တင်တာ လူသန်ကြီးနှစ်ယောက် မ ရတယ်။ အမျိုးသမီးတိုင်း တနင်္ဂနွေ နေ့တွေမှာ ၀တ်ကောင်းစာလှ ဝတ်ဆင်ကြပြီး လူဖြူအားလုံး လက်ဆွဲနှုတ်ဆက် ကြတယ်။


ဘဘဝ

The Bible Belt : The Floating Bridges by David Shumate


ဂမ်မောရာသို့ ဘတ်စ်ကားစီးခြင်း

ထိုင်ခုံအများစု လွတ်နေတယ်။ ဆိုးဆိုးရွားရွား ဖောက်ပြန်သူတွေဟာ နေမဝင်ခင် အချိန်အတော်ကြာ ကတည်းက ရောက်နေကြတယ်။ ရှေ့က အမျိုးသမီး သုံးဦးသည် အနီရောင်နှုတ်ခမ်းနီဆိုးပြီး အစိမ်းရောင် ၀တ်စုံများ ဝတ်ဆင်ထားကြတယ်။ သူတို့စိတ်ထဲမှာ တူညီတဲ့ ခံယူချက် ရှိကောင်းရှိနိုင်ပါတယ်။ ယောက်ျားတစ်ချို့က သတင်းစာဖတ်နေကြတယ်။ ပြတင်းတံခါးတွေ ဆီးငေးကြည့်နေတယ်။ တစ်ယောက်မှာ ထိုင်ခုံကို မှီထောင်ထားတဲ့ ကြာပွတ်နဲ့ မြင်းစိုင်းကြိုးတွေ ရှိတယ်။ နောက်တစ်ယောက်က ဘာဂျာမှုတ်နေတယ်။ ငါ အိတ်သေးတစ်လုံးပဲ ပါလာတယ်။ ငါ လမ်းလျှောက်ပြီး ရှုပ်ယှက်ခတ် နေတာ တွေကို ကြည့်မယ်။ တစ်ညတာနားဘို့ ဈေးသက်သာတဲ့ ဟိုတယ် ရှာမယ်။ အဖြူရောင်ဂါဝန်နှင့် ပန်းရောင် ဦးထုပ် ဆောင်းထားတဲ့ အမျိုးသမီးတစ်ဦးဟာ ကားဆရာရဲ့ ပါးကို နမ်းလိုက်ပြီး စင်္ကြံအတိုင်း လျှောက်ကာ ကျွန်တော့်ဘေးမှာဝင်ထိုင်တယ်။ ဘတ်စ်ကား စရွေ့တယ်။ ကားစခန်းက လူတွေ နမ်းရှုံ့ ကြပြီး လက်တွေဝှေ့ယမ်းကြတယ်။ သူမ ပိုက်ဆံအိတ်ထဲက မှန်တစ်ချပ်ကိုယူပြီး သူမရဲ့ မျက်တောင်တုနဲ့ သူမရဲ့ ရွှေရောင်ဆံပင်တု ကို စစ်ဆေးတယ်။ သူမ ပြုံးပြီး သူ့ လက်တစ်ဖက်ကို ကျွန်တော့် ဒူးပေါ်တင် လိုက်တယ်။ ဒါ မင်းရဲ့ ပထမဆုံးအကြိမ်ပဲ မဟုတ်လား ဟန်နီ။ ကျွန်တာ် ခေါင်းညိတ်ပြတယ်။ သူမ အခု မိတ်ကပ်တွေ ထပ်လိမ်းနေတယ်။ သူ့ရေမွှေးက ကျွန်တော့်လည်ချောင်းထဲထိ ပူလောင်စေတယ်။ အကြိမ်တစ်ထောင်လောက် လုပ်ပြီးသလိုမျိုးနဲ့ မျက်လုံးကို မှိတ်ပြီး နောက်ကို မှီလိုက်တယ်။ သူမ သက်ပြင်းချတယ်။ သူမအိပ်မပျော်ခင် တီးတိုးပြောတယ်၊ ဟိုရောက်ရင် ငါ့ကို နည်းနည်း ယုယပွတ်သပ်ပေးနော် ချစ်။


ဘဘဝ
The floating bridge မှ Boarding The Bus To Gomorrah by David Shumate ကို ဘာသာပြန်



ဥုံမ်

ဟိန္ဒူတို့က ဖန်ဆင်းခြင်းအားလုံးရဲ့ အစဟာ ဒီ အသံဖြစ်သည်ဟု ဆိုတယ်။ ဥုံမ်။ အသံရှည်။ အို ဆိုတဲ့ အသံက လှေကြီးကဲ့သို့ အားလုံးကို ပွင့်စေတယ်။ ဥုံမ်။ နတ်များရောက်လာကြောင်း အသံပြုတဲ့ ခရာသံလို။ အစမှာ အမှောင်ထုနဲ့ ဟင်းလင်းပြင်တွေချည်းပဲ။ ဒါပေမယ့် မကြာခင်မှာပဲ အားလုံး ဆက်တိုက် ပေါ်ထွက်လာကြတယ်။ ဂြိုဟ်တွေရယ်၊ ကောင်းကင်ရယ်။ သင်ကို နွေးထွေးစေမဲ့ ကြယ်တွေ။ ပြီး သစ်ကုလားအုတ် တစ်ကောင်။ ဒရယ်တစ်ကောင်။ သိမ်းငှက်တစ်ကောင် တို့ ပေါ်လာတယ်။ မကြာခင်မှာ အလန်းစားအ၀တ်တွေနဲ့ အမျိုးသမီးတွေ လမ်းတွေပေါ်မှာ တွတ်ထိုးနေကြတယ်။ မင်းအဖွားရဲ့အမေ လည်းပါတယ်။ မင်းရဲ့ ပထမတန်းတုန်းက ဆရာမရောပေါ့။ မင်းရဲ့ ဘေ့စ်ဘောနည်းပြက ဘောလုံးကို လေထဲ ပစ်လိုက်ပြီး လိုက်ဖမ်းနေတယ်။ ပန်းရိုင်းစေ့တို့ လေနဲ့ လွင့်နေတယ်။ ပျံလွှားတို့က လေကို ထိုးဖောက် ပျံသန်းနေကြတယ်။ မင်း အဝင်ပေါက်နားမှာရှိတုန်း ဒီဝဏ္ဏနာကို စမ်းရွတ်ကြည့်မလားလို့ တွေးနေမိတယ်။ မင်း မျက်လုံးတွေ မှိတ်လိုက်တယ်။ အလယ်မှာ ကုလားထိုင်တစ်လုံးရှိတဲ့ အဖြူရောင်အခန်းထဲမှာ ရပ်နေတာကို မင်း မြင်ယောင်ကြည့်တယ်။ ထိုင်လိုက်တယ်။ မကြာခင်ပဲ ဘုရားသခင်ဟာ သင့်နှင့်အတူ ရှိနေလိမ့်မယ်။

ဘဘဝ
OM ; the floating bridge by David Shumate ကို ဘာသာပြန်

ပြင်သစ်နိုင်ငံခြားသားတပ်ဖွဲ့

ငယ်ငယ်က ပြင်သစ်နိုင်ငံခြားသားတပ်ဖွဲ့ဟာ ပါရီမှာ ရုံးစိုက်တယ်လို့ ထင်ခဲ့ပြီး အဲ့တပ်ထဲ ဝင်ချင်ခဲ့တယ်။ အဲ့အချိန်မှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ဘဝဟာ ကျွန်ုပ်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အလွန်လိုက်ဖက်ပုံပဲ။ ဒီအစွဲအလမ်းကို နောက်ဆုံး အခြားသူတွေအတွက် အလျှော့ပေးလိုက်တယ်။ အရွယ်ရောက်တဲ့အချိန် ပြင်သစ်နိုင်ငံခြားသားတပ်ဖွဲ့မှာ ဝတ်စားဆင်ယဉ်မှု ပါတီပွဲကို ဒုဗိုလ်၀တ်စုံဝတ်ပြီးတက်တော့ အခြား ဧည့်သည်တွေက တစ်ညလုံး ကျွန်တော့်ကို အလေးပြုကြတယ်။ ဒါဟာ စိတ်လှုပ်ရှားကြည်နူးစရာပဲ။ အနည်းငယ်သောက်ပြီး ညာဘက်ကတပ်စုကို ရှေ့တက်ဖို့နဲ့ ဘယ်ဘက်ကတပ်စုကို ပြန်ဆုတ်ဖို့ အမိန့် ထုတ်ရင်း ပတ်လျှောက်နေခဲ့တယ်။ ခဏကြာတော့ ဧည့်သည်တစ်ဝက်လောက်က ရေကူးကန် တစ်ဖက်ခြမ်းမှာ ခက်ရင်းတွေကိုင်ရင်း စုဝေးလာကြပြီး ကျန်တဲ့သူတွေက ဟိုဖက်ခြမ်းမှာ ဓားရေး ပြနေကြတယ်။ ဒီပွဲဟာ ဆိုးဆိုးရွားရွား အဆုံးသတ် သွားနိုင်တယ်… ဒါပေမယ့် လူရွှင်တော်ဝတ်စုံနဲ့ လူတစ်ယောက်က ရေထဲခုန်ဆင်းလိုက်တော့ ငါတို့အားလုံး စိုရွှဲကုန်ရော။

ဘဘဝ
French Foreign Legion ; the floating bridge by David Shumate ( University of Pittsburgh Press 2008 )

ပါရီ၊ အမေရိကန်ပြည်ထောင်စု

အမေရိကရဲ့ အစောဆုံး ရွှေ့ပြောင်းနေထိုင်သူတွေဟာ သူတို့မြို့တွေကို ယခင်နေခဲ့တဲ့ နိုင်ငံဟောင်းက သူတို့ချစ်မြတ်နိုးခဲ့တဲ့အရာတွေကို အစွဲပြုလို့ အမည်ပေးခဲ့ကြတယ်။ မဟုတ်ရင်လည်း မုတ်ဆိတ်မွေးရှည်ရှည်၊ဘုရားသခင်ကို လိုတာထက်ပိုပြီး ကြောက်တတ်တဲ့ အမျိုးသားတစ်ဦးဦးကို အစွဲပြုလို့ပေါ့။ မြို့တချို့ကတော့ ပထမဆုံးစိတ်ထဲပေါ်လာတဲ့ အမည်နဲ့ပဲ တွင်သွားတတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ မြေကို ယဉ်ပါးအောင် လုပ်ကြရဦးမှာမို့လေ။ တစ်နိုင်ငံလုံးမှာဆိုရင် အမည်တွေက တက္ကဆပ်၊ ပင်ဆီဗေးနီးယား၊ ကန်းဆပ်၊ တချို့ကလည်း သူတို့မြို့တွေကို ပါရီလို့ ပေးကြပြန်တယ်။ နာမည်နဲ့လိုက်ဖက်အောင် ကြီးမားခန့်ထည်တဲ့ ဘုရားကျောင်းကြီးတွေတော့ မရှိဘူးပေါ့။ မှော်နည်းနည်းဆန်တဲ့ မြစ် စီးဆင်းတာလည်းမရှိဘူးပေါ့။ ဘုရင်တွေ၊ ဧကရာဇ်တွေရဲ့ ရာဇဝင်တွေလည်းမရှိဘူးပေါ့။ ခြေမြှောက်ပြီးကတဲ့ ယိမ်းအကကို ကတဲ့ အမျိုးသမီးတွေလည်းမရှိဘူးပေါ့။ နိုင်ငံကို ဖြတ်သန်းပြီး ပါရီလို့ အမည်ရတဲ့ မြို့တစ်မြို့မှာ ကားမောင်းရင်း ဆီဖြည့်ဖို့ ရပ်လိုက်ရတဲ့အခါ အံ့ဩစရာအတိပါပဲ။ ဆီစုပ်စက်က ဂါလန်တွေ ခပ်မြန်မြန် ထုတ်ပေးနေချိန်မှာ ဆီဆိုင်ဝန်ထမ်းက ကောင်တာနောက်မှာ ယင် မောင်းနေတယ်။ ဆယ်ကျော်သက်တစ်အုံတမကြီးပါတဲ့ ကားတစ်စီး သံစုံပေးပြီးရောက်လာတယ်။ ဒါပေမဲ့ တစ်နေရာရာမှာ မိန်းကလေးတစ်ယောက်က မှန်ရှေ့မှာ ရပ်ပြီး လူတွေ ပြင်သစ်လိုပြောနေတာတဲ့ အသံဖမ်းဖိုင်တစ်ဖိုင်ကို နားထောင်နေတယ်။ ကြားတဲ့စကားလုံးတိုင်းကို သူက လိုက်ပြောပြီး ပြောနေစဉ်မှာလည်း မှန်ထဲမှာ ကိုယ့်နှုတ်ခမ်းကိုယ် ကြည့်နေသေးတယ်။ လည်ပင်းမှာ ပဝါလေးပတ်ထားတယ်။ သူ့ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေထည့်ထားပြီး အိပ်ရာအောက်မှာ ထားထားတယ်။


ဘဘဝ
Paris , USA ; The Floating Bridge by David Shumate
(University of Pittsburg Press, 2008)

တရုတ်စားသောက်ဆိုင်

ငြင်းခုံပြီးတိုင်း ကျွန်တော်တို့ မိသားစု တရုတ်ဆိုင်မှာပဲ အမြဲစားကြတယ်။ အရှေ့တိုင်းဆိုတဲ့ အရာက ခါးသီးမှုကို ဆေးကြောပေးတယ်။ ခဏတာ အနားယူတဲ့ မြစ်ကမ်းပါးလိုပါပဲ။ ကျွန်တော်တို့ ဝင်လာတော့ ဆိုင်ရှင်က ဦးညွှတ်ကြိုဆိုတယ်။ ဘဝမှာအတွေ့ကြုံများထားတဲ့ မျက်နှာမျိုး။ တော်လှန်ရေး။ ချစ်ခင်သူတွေရဲ့ နှိပ်စက်မှု။ သူဘယ်တော့မှ ထုတ်ပြမှာမဟုတ်တဲ့ တုန်လှုပ်ထိတ်လန့်စရာတွေ။ သူ့မိန်းမက ကျွန်တော်တို့ကို စားပွဲတစ်လုံးဆီ ခေါ်သွားတယ်။ သူမရဲ့ ခြေထောက်တွေက ကျွန်ုပ်တို့ထက် သေးတယ်။ သမီးအငယ်က ရေနွေးလာချတယ်။ အကြီးမက အင်္ဂလိပ်တစ်ယောက်လို ကျွန်တော်တို့မှာမဲ့ အစားအသောက်တွေကို မှတ်တယ်။ တစ်နှစ်ပြီးတစ်နှစ် သူမဟာ ပိုပိုပြီး လှပသိမ်မွေ့ လာတယ်။ တစ်ခါတစ်လေ တစ်ဆိုင်လုံး ကျွန်တော်တို့ပဲရှိပြီး၊ ဘဲသားနဲ့ ပုဇွန်ကို တူနဲ့ စားကြတယ်၊ သူတို့ကတော့ အဝေးကနေ ပြုံးပြကြတယ်။ ညစာစားပြီးတော့ သူတို့ဆိုင်လေးရဲ့ တိတ်ဆိတ်ခြင်းမှာ ထိုင်ကြတယ်။ အစ်ကိုက ဟာသ ပြောတယ်။ အမေက လက်သုတ်ပုဝါကို ငှက်ပုံဖြစ်အောင် ခေါက်တယ်။ ညီမလေးက ကွတ်ကီးတွေကို ဖွင့်ပြီး ကျွန်တော်တို့ရဲ့ ကံကြမ္မာဟောစာတမ်းတွေကို ခပ်ကျယ်ကျယ် ဖတ်တယ်။ ဆိုင်ကပြန်တိုင်း အဖေက အဘိုးကြီးကို အမြဲတမ်း လက်ဆွဲနှုတ်ဆက်တယ်။


ဘဘဝ
Chinese Restaurant; the floating bridge by David Shumate

ရှည်လျားသောလမ်း

အဲဒါ မင်း ညနက်က တွေ့ခဲ့တဲ့ အဝေးပြေးလမ်းတွေထဲက တစ်ခု။ အမှတ်အသားတွေမရှိ။ မြှားတွေမရှိ။ တောင်နှင့်မြောက် ပြေးနေတဲ့လမ်းမျှသာ။ ခနရပ်။ မင်း ဟိုဖက်ကိုကြည့်။ ပြီး နောက်တစ်ဖက်ကိုကြည့်။ ဘာမှမရှိ။ အင်ဂျင်ညည်းသံနဲ့ ပုရစ်အော်သံတွေက မင်းဒီမှာ ရှိနေတယ်ဆိုတာ အတည်ပြုတယ်။ မင်းဘယ်ရောက်နေလဲ မမှတ်မိတော့ဘူး။ မင်း ဘယ်ကိုသွားနေလဲ။ လမ်းလယ်မှာဆွဲထားတဲ့ မျဉ်းကြောင်း တွေမရှိရင် မြစ်ထဲမျောနေတယ်လို့ မင်းထင်လိမ့်မယ်။ ဒါမှမဟုတ် ကောင်းကင်ထဲကလမ်းကို ရုတ်တရက် တွေ့လိုက်သလိုပေါ့၊ သတိရဦး။ လမိုက်တဲ့ညဆိုတာကို။ မင်း ပင်ပန်းနေပြီ။ ဗိုက်လည်း ဆာတယ်။ စကားပြောဖော်လည်း မရှိဘူး။ မင်းတွေးနေတာတွေ တကယ်ဖြစ်လာမှာကို စိုးရိမ်နေလား။ မင်းရဲ့ ဘယ်ဘက်ကို ပြန်ကြည့်တယ်။ တောင်တစ်လုံးကို မြင်မယ်ပေါ့။ သမုဒ္ဒရာတစ်စင်းပေါ့။ အဆုံးရှုံးမခံနိုင်တဲ့ ချစ်သူပေါ့။ အလွန်ရင်းနှီးပုံရတဲ့ ဝိညာဉ်များတွေက အမှောင်ထဲက ရွေ့လာနေကြ။ မင်းက အဲဒီတိတ်ဆိတ်မှုနဲ့ စောင့်နေတာ။ ဘေးရန်ကင်းကင်းရှေ့ဆက်ဘို့ နှစ်ပေါင်းများစွာ ကြာသွားနိုင်တယ်။
ဘဘဝ
The long road ; the floating bridges by

ဘိုဘိုဝင်း ဘာသာပြန်သည်။