Encouragement can be fatal အားပေးမှုကြောင့်သေစေနိုင်သည်

အားပေးမှုကြောင့်သေစေနိုင်သည်


ပိုမိုကောင်းမွန်အောင် ( သေလောက်အောင် ကောင်းဖို့ 🤩😇😘) လုပ်ရင်း

စက်တင်္ဘာမှာ ထွက်လာမည့်အကြောင်းကို

ရဲလွင်အောင်ရဲ့သေလောက်အောင် အားပေးရေးထားတဲ့ အမှာသာဖတ်လိုက်ယုံသာ—

ဘဘဝ

စကားပြေစာပေအမျိုးအစားရဲ့ ဖြစ်တည်မှုနှစ်ခု- အတိုပုံစံနှင့် ဝတ္ထု

ဝတ္ထုလတ်၊ ယုံတမ်းပုံပြင်နဲ့ စိတ်ကူးယဉ်ပုံပြင်တွေလို တိုတောင်းတဲ့ ဇာတ်ကြောင်းပြောပုံစံတွေ ၁၈၀၀ ပြည့်နှစ်ကျော်ကာလတွေမှာ ဥရောပနဲ့ အမေရိကဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရုတ်တရက်ကြီး ပေါ်ထွက်ပြန့်နှံ့လာရတာလဲ ဆိုတဲ့ မေးခွန်းနဲ့စတင်ချင်ပါတယ်။ သမိုင်းကြောင်းအရပဲပြောပြော၊ လူမှုသမိုင်းကြောင်းတွေးဆချက်တွေအပေါ်ပဲ အခြေခံခံ ဒီအတိုပုံစံတွေဟာ စာတတ်မြောက်နှုန်းမြင့်တက်လာတာ၊ စာဖတ်တဲ့ဓလေ့ရောက်ရှိလာတာတွေကြောင့်လို့ ဆိုလို့ရပါတယ်။ အဲ့ဒီကာလရဲ့ စာဖတ်ဓလေ့မှာ အခြေခံကျကျပြောင်းလဲမှုတွေကြောင့်လို့ တွေးဆကြပါတယ်။ စာရေးသူတွေဟာလည်း စာပုံစံမျိုးစုံကို စမ်းသပ်ရေးသားကြတယ်။ ထုတ်ဝေသူတွေနဲ့ စာအုပ်ကုန်သည်တွေဟာလည်း သူတို့ထုတ်ကုန်တွေကို မျိုးပြားစုံအောင် လုပ်ကြတယ်။ စာဖတ်တဲ့အလေ့အကျင့်ကျယ်ပြန့်လာတယ်။ ပြီးတော့ သင်ကြားရေး၊ ဘာသာရေးနဲ့ သတင်းဆိုင်ရာနယ်ပယ်တွေကလည်း အတိုအထွာတွေကို အသုံးပြုတာဟာ သူတို့အတွက် အသုံးဝင်တယ်လို့ မှတ်ယူလာကြတာကြောင့်ဖြစ်နိုင်ပါတယ်။ စာရေးအသားအတိုအထွာပုံစံရဲ့ အကြောင်းအရင်းတွေက များပြားစုံလင်မှာပါ။ အကြောင်းအရင်းတစ်ခုထဲကိုပဲ ပြောဆိုနိုင်ဖို့ အားထုတ်ရင်တော့ အကျိုးရှိမှာမဟုတ်ပါဘူး။

​လူမှုသမိုင်းကြောင်းဆိုင်ရာအဖြေတွေကတော့ စာအတိုအထွာပုံစံတွေ ပေါ်ထွက်လာရတာနဲ့ပတ်သက်လို့ အဖြေပေးတဲ့အခါ စာပေနဲ့မဆိုင်တဲ့ အကြောင်းအရင်းကိုပဲပြောကြမှာပါပဲ။ ဒီလိုအကြောင်းအရင်းပြောရင်တော့ စာပေအရေးအသားပုံစံသစ်တွေပေါ်ထွက်လာရာမှာ စာပေကိုယ်တိုင်ရဲ့ အခန်းကဏ္ဍမှေးမှိန်သွားမှာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ စာပေရဲ့အသွင်အပြင်ကိုယ်တိုင်မှာပဲ တိုတောင်းတဲ့ဇာတ်ကြောင်းပြောအရေးအသားပေါ်ထွက်လာမှုအတွက် အခြေခံကျပြီး သက်ရောက်မှုကျယ်ပြန့်တဲ့ အကြောင်းအရင်းတွေရှိတယ်လို့ ပြောချင်ပါတယ်။ ၁၄ ကနေ ၁၇ ရာစုကြားမှာ စာနဲ့ရေးသားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ စာဖတ်သူနဲ့ လောကကြား ဘယ်လိုပြုမူနေတယ်ဆိုတာကို ဦးဆုံးပြောဆိုဖို့လိုပါမယ်။ အဲ့ဒီကာလအတွင်းမှာ ဒီနေ့ခေတ်ပြောဆိုနေတဲ့ ဂန္ထဝင်နဲ့ အလယ်ခေတ်ကဗျာတွေ(အရစ္စတိုတယ်ရဲ့ Poetics နဲ့ Scaliger ရဲ့ Poetices libri septem က ကဗျာဆိုင်ရာစည်းမျဉ်းတွေကိုလိုက်နာတဲ့ ပြဇာတ်၊ လိရစ်ကဗျာ၊ မဟာလက်ရာကြီးတွေ) ကို စာအရေးသစ်ပုံစံတွေက စိန်ခေါ်လာကြပါတယ်။ စာအရေးသစ်ပုံစံဆိုတာ မတြာမပါ၊ ကာရန်မပါဘဲ အတိုအရှည်မျိုးစုံ၊ အမျိုးအစားပုံစံမျိုးစုံနဲ့ရေးသားတဲ့ စိတ်ကူးယဉ်စကားပြေဇာတ်ကြောင်းပြောတွေပေါ့။

​ဒီလိုစာပေအမျိုးအစားတွေကို ဒီနေ့ခေတ်မှာတော့ စကားပြေရောက်ရှိလာခြင်းလို့ ဆိုကြပါတယ်။ သက်ရောက်မှုက ကျယ်ပြန့်ပါတယ်။ ပြောစကားကို ပုံနှိပ်စာလုံးနဲ့ အစားထိုးသလို၊ ကဗျာရွတ်ဖတ်မှုကို အသံတိတ်ပြီး စကားပြေကို ဖတ်ရှုမှုနဲ့ အစားထိုးလိုက်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ချိန်လုံး တစ်ကိုယ်တည်း တိတ်တိတ်ဆိတ်နဲ့စာဖတ်နေတာမဟုတ်ဘဲ အချိန်ကာလတစ်ခုရောက်တဲ့အခါမှသာ တစ်ကိုယ်တည်း တိတ်တိတ်ဆိတ်နဲ့ စကားပြေဖတ်ခဲ့ကြတယ်ဆိုတာ မှတ်တမ်းတွေရှိပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် စကားပြေစာပေဟာ စာဖတ်သူနဲ့ လောကကြားက ဆက်ဆံရေးကို ကဖျက်ယဖျက်လုပ်သလို ပြန်လည်ဖွဲ့စည်းတည်ဆောက်လိုက်တာပဲဖြစ်ပါတယ်။ စကားပြေအမျိုးအစားဆိုတဲ့ အမျိုးအစားသစ်ရဲ့ အသွင်အပြင်နဲ့ ပုံစံဆိုတဲ့ ဖြစ်တည်မှုသစ်ကို သွတ်သွင်းလိုက်တာပါပဲ။ သက်ရောက်ပုံကလည်း ကြီးမားလှပါတယ်။ စာဖတ်ခြင်းအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာကနေ ဖတ်ရှုလို့ရတဲ့ပုံစံကို ဖြန့်ချိတဲ့ နည်းပညာတွေအထိ ပါဝင်ပါတယ်။ ဒီစကားပြေစာပေပုံစံဟာ ကမ္ဘာကြီးမှာ လူမှုရေးအရထိတွေ့မှုပုံစံကို ပြောင်းလဲပစ်ခဲ့တယ်လို့ အတွေးအခေါ်ပညာရှင် မီရှဲ ဖူကိုးကပြောခဲ့ဖူးပါတယ်။ သူက စာပေရဲ့ ရှိမှုဗေဒ(ontology of literature) လို့ခေါ်ပါတယ်။ ပုံနှိပ်ဖော်ပြတဲ့ စကားပြေစာပေဟာ စာဖတ်တဲ့ဓလေ့နဲ့ ပုံနှိပ်နည်းပညာကိုသာမဘဲ ခေတ်သစ်စာသားပုံစံတွေသစ်တွေကိုပေါ်ထွန်းစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ စကားပြေရဲ့သက်ရောက်မှုကို ပညာရပ်ဆိုင်ရာအသုံးအနှုန်း၊ သတင်းစာအရေးအသားနဲ့ ဥပဒေဆိုင်ရာအရေးအသားတွေမှာ တွေ့ရမှာပါ။

​စကားပြေရဲ့ မီဒီယာဆန်တဲ့ဖြစ်တည်မှုပုံစံသစ်ကို ဖော်ဆောင်ခဲ့တဲ့ ပထမဆုံး ခေတ်သစ်ပုံစံကိုပြောရမယ်ဆိုရင် ဝတ္ထုကိုပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ငြင်းကြခုန်ကြဆဲပါ။ ဒါကြောင့်လည်း ခေတ်သစ်စာပေလို့ဆိုလိုက်တာနဲ့ ဝတ္ထုကို တန်းမြင်ကြတာပဲဖြစ်ပါတယ်။ ကဗျာရဲ့ ကာရန်ပါတဲ့အမျိုးအစားနဲ့ အကြောင်းအရာရော၊ အသွင်အပြင်ပါ ရှင်းရှင်းလင်းလင်းကွဲပြားနေတာကို ကိုယ်စားပြုနေပါတယ်။ တစ်ချိန်တည်းမှာပဲ စာဖတ်ဓလေ့နဲ့ပတ်သက်လို့ လူမှုသမိုင်းကြောင်းအပြောင်းအလဲနောက်ကွယ်က အင်အားကြီးပြီး တိုင်းတာလို့ရတဲ့ အင်အားတစ်ခုဖြစ်ပါတယ်။ ဖူကိုးရဲ့ စကားဖြစ်တဲ့ ခေတ်သစ်စာပေရဲ့ ရှိမှုဗေဒဆိုတဲ့စကားလုံးကိုပဲ ဆက်ကိုးကားရမယ်ဆိုရင် ဝတ္ထုအောင်မြင်ရတယ်ဆိုတာ စာဖတ်သူရဲ့ လောကထဲမှာ ဘယ်လိုရှိနေတယ်ဆိုတာအပေါ်မူတည်နေပါတယ်။ စာဖတ်သူအတွက် ဝတ္ထုထဲက အကြောင်းအရာတွေဟာ စိတ်ကူးယဉ်နယ်မြေတစ်ခု၊ စင်ပြိုင်ကမ္ဘာတစ်ခုဖြစ်နေပါတယ်။ ဝတ္ထုရဲ့ ထူးခြားတဲ့အရည်အသွေးတစ်ခုဟာ စာဖတ်သူကို သူ့ရဲ့ ကြွယ်ဝပြီး ပြည့်စုံတဲ့ သူစိမ်းတွေ(ဇာတ်ဆောင်တွေ)ရဲ့ ဘဝထဲကို ဆွဲခေါ်သွားနိုင်တာပါပဲ။ ကျွန်တော်တို့ ဒီနေ့ လူမှုမီဒီယာခေတ်မှာ အရှိတရားကိုယ်တိုင် ရောက်ရှိသွားတဲ့ အဆင့်တစ်ခု တစ်နည်းပြောရရင် အတုအယောင်လောကတစ်ခုကို ဝတ္ထုဟာ ကျကျနနကြီးကို အတုခိုးဖော်ပြနိုင်တာမို့ဖြစ်တယ် လို့ ပညာရှင် ဟန်ဇ် ဘလူမန်ဘေ့(Hans Blumenberg )က ဆိုပါတယ်။ ၁၇ ရာစုကနေစလို့ ဒီဂျစ်တယ်ခေတ်အထိ အရှိတရား လို့ခေါ်ဆိုနေတဲ့ သက်ရှိလောကကို ပြန်လည်တည်ဆောက်ဖော်ပြနိုင်တာလို့ ဘလူမန်ဘေ့က သူ့ရဲ့ အက်ဆေးဖြစ်တဲ့ “The Concept of Reality and the Possibility of the Novel” မှာ ဖော်ပြထားပါတယ်။ ဝတ္ထုဟာ ဇာတ်ကြောင်းပြောတည်ဆောက်ပုံကို အသုံးပြုပြီး အရှိတရားပုံစံတစ်ခု ဖော်ဆောင်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် စာပေဆန်တဲ့ အတ္ထုပတ္တိရဲ့တည်ဆောက်ပုံပေါ့။ စာပေဆန်တဲ့ အတ္ထုပတ္တိ အောင်မြင်ဖို့ဆိုရင် ဝတ္ထုရဲ့ သီးခြားအစိတ်အပိုင်းတွေကြားမှာ ရှေ့နောက်ညီဖို့ လိုအပ်ပါတယ်။ နေရာတွေ၊ ဖော်ပြတာတွေ၊ အခန်းတွေနဲ့ ဇာတ်ကွက်တွေကြားမှာ ချိတ်ဆက်ညီနေရပါမယ်။ ခေတ်သစ်ကာလမှာ အရှိတရားဟာ အရာဝတ္ထုတစ်ခုရဲ့ အတွင်းကျတဲ့ အရည်အသွေးချည်းပဲလို့ မှတ်ယူလို့မယူတော့ပါဘူး၊ အခြေခံကျတဲ့အကြောင်းချင်းရာတွေရဲ့ ဖွဲ့ထုံးကို ရှေ့နောက်ညီညီနဲ့ စရနယ်ဖော်ပြနိုင်မှုဖြစ်နေပါပြီ လို့ ဘလူမန်ဘေ့က ရေးသားခဲ့ပါတယ်။ အရှိတရားဟာ အတွင်းပိုင်းရှေ့နောက်ညီတဲ့ စည်းမျဉ်းတွေကိုလိုက်နာတဲ့ စာသားအမျိုးအစားဖြစ်နေပါပြီ။ ခေတ်သစ်ကာလအတွက် အရှိတရားဆိုတာ စကားဆက်ပါ။ ဝတ္ထုတွေဟာ ခေတ်သစ်အရှိတရားကို ချဲ့ထွင်ထားတာတွေလို့ ဘလူမန်းဘေ့ကဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အဓိကဇာတ်ဆောင်ရဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေကို ကြိုးနဲ့သီပြီးဖော်ပြထားတဲ့အခါ အကျိုးဆက်ကတော့ စာဖတ်သူအတွက် သူတို့ကိုယ်တိုင်ရဲ့အရှိတရားအတွက် နောက်ထပ်ဖြည့်ဆည်းလိုက်တဲ့ စကားဆက်ဖြစ်လာပါတယ်။

​ရှုပ်ထွေးသိမ်မွေ့ပြီး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်တာမို့ ဝတ္ထုကို ခေတ်သစ်စကားပြေစိတ်ကူးယဉ်အရေးအသားအတွက် အရေးပါတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ ခေတ်သစ်ဝတ္ထုနဲ့ပတ်သက်တဲ့ သီအိုရီဟာ ဖွံဖြိုးဖို့ ရာစုပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ အငြင်းပွားစရာဖြစ်နိုင်ပေမယ့် လူးကတ်စ်(György Lukács )က ၁၉၁၆ ခုနှစ်မှာ ဒီလိုသီအိုရီကိုရေးလိုက်မှသာ ဟင်းချနိုင်ကြပါတယ်။ ဝတ္ထုနဲ့ဆိုင်တဲ့ သီအိုရီတောင် ဖွံ့ဖြိုးဖို့ အဲ့ဒီလောက် နှေးကွေးတယ်ဆိုရင် ပိုမိုတိုတောင်းတဲ့ စကားပြေအမျိုးအစားတွေရဲ့ရော ဘယ်လိုအခြေအနေရှိလဲမေးရပါမယ်။ သီအိုရီထွက်ပေါ်လာဖို့ ရာစုလေးခုလောက် အချိန်ယူခဲ့ရလား။ လူးကတ်စ်နဲ့ ဘလူမန်းဘေ့တို့လို လူတွေကရော တိုတောင်းတဲ့ ဇာတ်ကြောင်းပြောပုံစံတွေအကြောင်း ပြောကြသေးလား။ ဒီကမ္ဘာကြီးမှာ တိုတောင်းတဲ့ ဇာတ်ကြောင်းပြောပုံစံတွေ ဘယ်လိုပြုမူကြလဲ။ ဒီလိုပုံစံတွေရဲ့ သီးခြားရှိမှုဗေဒရောက ဘာလဲ။

​ဝတ္ထုနဲ့ဆန့်ကျင်တာကတော့ တိုတောင်းတဲ့ ဇာတ်ကြောင်းပြောပုံစံတွေနဲ့ပတ်သက်လို့ အခြေခံကျကျရှင်းပြထားတဲ့ သီအိုရီမရှိတာပါပဲ။ တိုတောင်းတဲ့ ဇာတ်ကြောင်းပြောပုံစံတွေရဲ့ အခြေခံကျတဲ့ စကားဆက်နဲ့ သွင်ပြင်တို့နဲ့ပတ်သက်လို့ မလေ့လာတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကိုပြောရမယ်ဆိုရင် သူတို့မှာ ယုံတန်းပုံပြင်ကနေ စိတ်ကူးယဉ်ပုံပြင်တွေအထိ၊ စကားပုံကနေ ဝတ္ထုလတ်၊ ရုတ်တရက်ဉာဏ်အလင်းပွင့်မှု(epiphany )ကနေ မဲလ်တီမီဒီယာဇာတ်ကြောင်းပြောအထိပါဝင်နေလို့ဖြစ်နိုင်ပါတယ်။ ၁၇ ရာစုမှာ ဂန္ထဝင်ပုံပြင်တွေ ပြန်လည်အသက်ဝင်လာတာကနေ စကားပြေစာသားနဲ့ ရုပ်ပုံတွေပေါင်းစပ်ပါဝင်တဲ့ စာပေလွန်အမျိုးအစားအထိ ပါဝင်နေလို့ပါပဲ။ နောက်တစ်ချက်က အပေါ်က အမျိုးအစားတွေကို မလေ့လာကြတာဟာ ဝတ္ထုတိုရဲ့ နာမည်ကျော်ကြား လွှမ်းမိုးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။

​အတိုအထွာဇာတ်ကြောင်းပြောပုံစံကိုနားလည်ဖို့အတွက် ဝတ္ထုနဲ့ ဘယ်နေရာ၊ ဘယ်လိုကွာခြားသွားတယ်ဆိုတာကို နားလည်အောင်လုပ်မှရပါမယ်။ အတိုအထွာဟာ တစ်မျက်နှာကနေ စာမျက်နှာအနည်းငယ်လောက်ပဲရှိတာမို့ အဓိကဇာတ်ဆောင် နေထိုင်တဲ့ ဘဝကို စာဖတ်သူအနေနဲ့ အပြည့်အဝ နှစ်မြှုပ်ပါဝင်ဖို့ မလုံလောက်ပါဘူး။ ဝတ္ထုဖတ်တဲ့အခါ စာမျက်နှာရာနဲ့ချီကနေ ထောင်နဲ့ချီပြီးရှိတာမို့ မသိရသေးတဲ့ ကမ္ဘာသစ်ထဲကို စာကြောင်းတစ်ကြောင်းချင်းကနေ ဝင်ရောက်လို့ရပေမယ့် အတိုအထွာအတွက်တော့ ဒီလိုအခွင့်မသာနိုင်ပါဘူး။ ဒီလိုပမာဏကွဲပြားတာကြောင့် အတိုအထွာတွေဟာ စိတ်ကူးစိတ်သန်းကို တိုတိုနဲ့အကျဉ်းချုပ်ဖော်ပြရပါတော့တယ်။ ဝတ္ထုဟာ စာဖတ်သူအတွက် စိတ်ကူးယဉ်ကမ္ဘာသစ်တစ်ခုကို လှုံဆော်ပေး၊ ဖော်ဆောင်ပေးပေမယ့် အတိုအထွာဟာ စာဖတ်သူရဲ့ လောကထဲမှာ ရှိပြီးသား နောက်ခံနဲ့အခြေအနေတွေလောက်ကိုပဲ အသုံးပြုခွင့်ရပါတယ်။ ဝတ္ထုက စင်ပြိုင်အရှိတရားကို ဖန်တီးနေတဲ့အချိန်မှာ( ခေတ်သစ်ဆင်ခြေဖုံးမှာဖြစ်ချင်ဖြစ်မယ်၊ မဟုတ်ရင်လည်း ဝေးကွာလှတဲ့ ဂြိုဟ်တစ်ခုမှာ) အတိုအထွာဟာ စာဖတ်သူကို သူသိပြီးသား လောကအကြောင်းကို ဇာတ်ကြောင်းပြန်ပြောတာပဲလုပ်နိုင်ပါတယ်။ သူအတတ်နိုင်ဆုံးလုပ်နိုင်တာက ရင်းနှီးနေတဲ့အကြောင်းအရာကို မရင်းနှီးတဲ့ပုံစံ၊သူစိမ်းဆန်တဲ့ပုံစံဖြစ်အောင် ဖန်တီးပြီးပြနိုင်တာပဲရှိပါတယ်။ တိုတောင်းတဲ့အတွက် တစ်ထိုင်ထဲ ဖတ်နိုင်ပါတယ်။ စာဖတ်သူရဲ့ လောကထဲမှာ တစ်ထိုင်တည်းတစ်ဆက်တည်းဖြစ်နေတဲ့ အတွေ့အကြုံကိုဖန်တီးပေးပါတယ်။

​ရှင်းရှင်းပြောရမယ်ဆိုရင် ဝတ္ထုတွေဟာ စာဖတ်သူကို သူတို့ရဲ့ လက်ရှိအရှိတရားကနေ ဆွဲခေါ်ပြီး အခြားလောကတစ်ခုကို ခေါ်ဆောင်ပါတယ်။ အတိုအထွာတွေကတော့ စာဖတ်သူရဲ့ စိတ်မျက်လုံးထဲမှာ ပေါ်လာပြီး စာဖတ်သူရဲ့ နေ့စဉ်အရှိတရားထဲကို ဝင်ရောက်ပါတယ်။ ဝတ္ထုရဲ့ ရှိမှုဗေဒဟာ စိတ်ကူးယဉ်အနုပညာလက်ရာတစ်ခုအဖြစ် တကယ်တမ်းနေထိုင်တဲ့ အရှိတရားနဲ့ စိတ်ကူးယဉ်အရှိတရားတို့ကြား ခွဲခြားအောင်လုပ်ပေးပေမယ့် အတိုအထွာရဲ့ ရှိမှုဗေဒကတော့ ဒီလိုအရှိတရားတွေကို ခွဲခြားလို့မရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ဝတ္ထုဟာ အဓိကဇာတ်ဆောင်ရဲ့ စိတ်ကူးယဉ်ဘဝဆိုတဲ့ အဆက်အစပ်ထဲကနေ အဓိကဇာတ်ဆောင်ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ပတ်ဝန်းကျင်ပိုင်းတွေကို အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေနဲ့ လှုံ့ဆော်ပေးပါတယ်။ အတိုအထွာကတော့ စာဖတ်သူဟာ သူတို့နေထိုင်တဲ့ အရှိတရားကနေ အဆက်အစပ်ထုတ်ယူပြီး အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေကို တွေးယူစေပါတယ်။ အတိုအထွာဇာတ်ကြောင်းပြော ပုံစံတွေဟာ အရှိတရားရဲ့ စိတ်ကူးယဉ်ပုံစံတူဖန်တီးနိုင်စွမ်းအပေါ် အခြေခံပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နေထိုင်တယ်လို့ မှတ်ယူထားတဲ့ အဲ့ဒီအရှိတရားတွေကို စုတ်ဖြဲပစ်နေပါတယ်။ ဇာတ်ကြောင်းပြောပညာရှင် ဟီတို စတေယယ်က ဒါကို အရှိတရားကို တစ်စစီလုပ်ပစ်ခြင်း လို့ခေါ်ထားပါတယ်။

လင်္ကာဝစနနဲ့ ဟောပြောတဲ့စကား နှင့် အကြောင်းအရာအလိုက်သီးခြားပြောဆိုတဲ့စကား

(Rhetorical Speech versus Topical Speech)

အတိုအထွာဇာတ်ကြောင်းပြောအရေးအသားတွေဟာ ဝတ္ထုထက် ထွက်ပေါ်လာဖို့ နောက်ကျရတာလဲ။ လူမှုသမိုင်းကြောင်း ရှုထောင့်နေကပဲ ပြန်ပြောရပါမယ်။ ၁၆ ရာစုကစလို့ ဘရော့ရှိ၊ သတင်းစာနဲ့ အခြားအပတ်စဉ်၊ လစဉ်ထုတ်စာစောင်တွေ ပြန့်နှံ့လာမှုနဲ့ဆိုင်ပါမယ်။ ဒီအရေးအသားအမျိုးအစားတွေဟာ နိုင်ငံရေး၊ ဘာသာရေး၊ ရာဇဝတ်မှု၊ ဆေးပညာ၊ သဘာဝလွန်နဲ့ အခြားထူးခြားဖြစ်ရပ်တွေကို စကားပြေအတိုအထွာတွေနဲ့တင်ပြလာကြရာကနေ အတိုအထွာဇာတ်ကြောင်းပြောတွေ လူသိများလာကြတာဖြစ်ပါတယ်။ ဒါဟာ ပမာဏနဲ့ပဲဆိုင်ပါသေးတယ်။ စာပေဆိုင်ရာအရည်အသွေးပါတဲ့ အတိုအထွာတွေ လူသိများလာ၊ ပိုမိုသုံးစွဲလာတာကိုတော့ မရှင်းပြနိုင်ပါဘူး။ အတိုအထွာပုံစံက ဆက်သွယ်ရေးဆိုင်ရာတာဝန်ကိုယူတာကို နားလည်ဖို့နဲ့ အရေးပါမှုအဆင့်အတန်းမြင့်တက်လာတာနဲပတ်သက်လို့ နောက်ထပ်ရှင်းလင်းရဦးမှာဖြစ်ပါတယ်။ ဂန္ထဝင် နိုင်ငံသားဆိုင်ရာပုံပြောတဲ့ အရေးအသားပုံစံကနေ ခေတ်သစ်ကာလမှာ နိုင်ငံသားဆိုင်ရာအရေးအသားပုံစံသစ်အဖြစ် ပြောင်းလဲပုံကို ပြောပြရမှာပါ။

​အတိုအထွာတွေ လူသိများလာနဲ့ပတ်သက်လို့ အတွေးအခေါ်ပညာရှင် ဟန်နာ အားရန့်ရဲ့ပြောစကားကိုပဲ ကိုးကားရပါမယ်။ ပြည်သူ့ရေးရာနယ်ပယ်ကိုလေ့လာမှုနဲ့ပတ်သက်လို့ အားရန့်က အခြေခံကျတဲ့ စကားနှစ်မျိုးကို ခွဲခြားပြခဲ့ပါတယ်။ လင်္ကာဝစနနဲ့ ဟောပြောပို့ချတဲ့စကား(Rhetorical Speech )နဲ့ အကြောင်းအရာအလိုက် သီးခြားပြောဆိုတဲ့စကား(Topical Speech )လို့ ခွဲခြားပြပါတယ်။ ပထမစကားက နိုင်ငံရေးဆိုင်ရာအာဏာပိုင်မှုကို တောင်းဆိုတယ်၊ ရရှိအောင်လုပ်ပါတယ်။ ဒုတိယစကားကတော့ နိုင်ငံရေးဆိုင်ရာအငြင်းအခုန်တစ်ခုမှာ ပါဝင်သူတွေ ထည့်ဝင်ပြောဆိုတဲ့ အလေ့အကျင့်ကိုဖော်ဆောင်ပါတယ်။ ဒုတိယစကားဟာ ပထမစကားထက်စာရင် နိုင်ငံရေးအရ ပိုမိုလိုအပ်တဲ့စကားမျိုးပါပဲ။

​အရစ္စတိုတယ်က လင်္ကာဝစနဟောပြောပို့ချက်ကို လူအများရှေ့မှာ တစ်ဦးတည်းက ဟောပြောတာလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ Topical ကတော့ လူအများကြီးရှိနေရင်း တစ်ဦးချင်းစီ ပြောဆိုတာကို ဆိုလိုပါတယ်။ ပထမစကားကို ပြောသူဟာ နာသူရဲ့ အမိန့်နာခံမှုနဲ့နားထောင်ဖို့လိုပါတယ်။ ပြီးတော့ ရှုပ်ထွေးသိမ်မွေ့ပြီး တိတိကျကျပြောဆိုဖို့လိုအပ်ပါမယ်။ ဒုတိယစကားကတော့ ပြောသူဟာ လိုရင်းတိုရှင်းပြောဖို့လိုအပ်ပါတယ်။ သူပြောတာကို အခြားလူက နားထောင်ပြီး လိုရင်းတိုရှင်းနဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်တုံ့ပြန်မှာဖြစ်ပါတယ်။ ဒုတိယစကားဟာ ဂရိမြို့ပြနိုင်ငံရဲ့ နိုင်ငံသားတွေကြား တိုတိုနဲ့ကျဉ်းကျဉ်း ငြင်းခုန်နိုင်စွမ်းကိုဆိုလိုပါတယ်။ အာရန့်ကတော့ ရှေးခေတ်၊ အလယ်ခေတ်နဲ့ ခေတ်သစ်တစ်လျှောက်လုံးမှာ ပထမစကားသာ လွှမ်းမိုးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ ဒုတိယစကားကို ဥပဒေကြောင်းနဲ့ အငြင်းအခုန်ကိစ္စတွေမှာ သုံးနှုန်းကြသေးပါတယ်။ ဥပမာပြောရရင် စီဆရိုနဲ့ ကွင်တီလီယံတို့ကပြောဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့ကိုသုံးစွဲမှုဟာ အရှိန်လျော့ကျသွားခဲ့ပါတယ်။ အလယ်ခေတ်နဲ့ ရီနေဆွန်းခေတ်တို့မှာတော့ သူဟာ လူသားအသိပညာစနစ်ကြီးထဲမှာ ပေါရာဏ၊ ပညာရှိစကားမှတ်သားဖွယ်ရာ ဆိုတဲ့အဆင့်လောက် ရှိပါတော့တယ်။ သူ့ရဲ့ ပထမတာဝန်ဖြစ်တဲ့ နိုင်ငံသားတွေကြား အချိန်မဆိုင်းဘဲ ချက်ကျလက်ကျ အပြန်အလှန်တုံ့ပြန်ပြောဆိုမှုဆိုတဲ့ တာဝန်ဟာ ပျောက်ကွယ်သွားပြီး အတိုအထွာစကားပြေပုံစံအဖြစ် အသွင်ပြောင်းလဲလာခဲ့ပါတယ်။ ကာရန်မပါတဲ့ စကား၊ ပြောစကားနဲ့စာစကားရောနှောမှု၊ နေ့စဉ်အဖြစ်အပျက်တွေမှာ စိတ်ဝင်စားမှု၊ ဇာတ်ကြောင်းကို တိုတိုနဲ့ပြတ်ပြတ်ပြောဆိုမှုဖြစ်လာခဲ့ပါတယ်။

​၁၈ ရာစုအကုန်ပိုင်းလောက်မှာတော့ ယုံတန်းပုံပြင်၊ ဝတ္ထုလတ်၊ စိတ်ကူးယဉ်ပုံပြင်၊ စာပေဆိုင်ရာစကားပုံနဲ့ အလားတူပုံစံငယ်လေးတွေဟာ အလုံးနဲ့အရင်းနဲ့ ပြန်လည်ထွက်ပေါ်လာပြီး ရေပြင်ညီအနေအထားမှာ နိုင်ငံသားဘဝဟာ ဟောပြောပို့ချမှုဆိုတဲ့ ဒေါင်လိုက်နဲ့ ဆန့်ကျင်ဘက် ဖြစ်လာပါတယ်။ ဒီလိုလမ်းကြောင်းကို ဝတ္ထုလတ်ရဲ့ ၁၉ ရာစုသမိုင်းကြောင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် ယိုဟန် ဗော်ဂန် ဖွန် ဂိုသေးရဲ့ Conversations of German Refugees (Unterhaltungen deutscher Ausgewanderten, 1795 )ကနေ တောမတ်စ် မာန်းရဲ့ Death in Venice တို့ပါပဲ။ နာရီအနည်းငယ်အတွင်း တစ်ထိုင်တည်းဖတ်လို့ရလို့ ဝတ္ထုလတ်ဟာ စကားပုံဆိုတဲ့ အမျိုးအစားရဲ့ကန့်သတ်ချက်ကိုကျော်လွန်ပေမယ့် လူထုဇာတ်လမ်းဆိုတဲ့ သဘောကိုတော့ ဆက်လက်ခံယူထားဆဲပါပဲ။ ဝတ္ထုလတ်ဟာ ပြန်လည်အသက်ဝင်လာတဲ့ Topical စကားဖြစ်လာပြီး စာဖတ်သူတွေကို ခေတ်ပြိုင်ပြည်သူ့ဘဝထဲကို ပြန်လည်ဆွဲခေါ်နိုင်ခဲ့ပါတယ်။

စကားပြေကဗျာနှင့် ဇာတ်ကြောင်းပြော၏ဆန့်ကျင်ပုန်ကန်မှု

လူသားတွေဟာ ဇာတ်ကြောင်းပြောတွေ ဖန်တီးတဲ့ သတ္တဝါတွေဖြစ်ပြီး ဇာတ်လမ်းတွေကိုဖန်တီးတာဟာ အရာဝတ္ထုပစ္စည်းတွေကို နားလည်အောင် လုပ်တာပဲ လို့ ဂီလီ ဘော်လ်တွန်က ရေးခဲ့ဖူးပါတယ်။ အရစ္စတိုတယ် ပြောတဲ့ အစ-အလယ်-အဆုံး ပုံစံဟာ ကျွန်တော်တို့ ရင်းနှီးပြီးဖြစ်ပေမယ့် လက်ရှိအချိန်အထိ အဲ့ဒီပုံစံကို သုံးနေကြဆဲပါပဲ။ ဒီလိုဆိုရင်ဖြင့် ဥပမာအနည်းငယ်ပြီး ဆက်ရေးပါမယ်။ “စစ်ပွဲတွင် အသက်ရှင်ကျန်ရစ်သူများသည် အခုအချိန်တွင် သူတို့၏အိမ်များသို့ရောက်နေလောက်ပြီဖြစ်ပြီး စစ်ပွဲနှင့် ပင်လယ်ပြင်တို့၏ကြမ်းတမ်းခက်ခဲမှုများကို နောက်တွင် ချန်ထားခဲ့ကြပြီဖြစ်သည်။ အိုဒီဆီးယပ်စ် တစ်ဦးတည်းသာလျှင် အိမ်ပြန်ရန် အတားအဆီးအခက်အခဲနှင့် ကြုံနေရပေသည်..”။ ဟိုးမားရဲ့ကဗျာရှည် အိုဒက်ဆီက စာကြောင်းဟာ စာလုံးရေအနည်းငယ်သာရှိပေမယ့် ကျွန်တော်တို့ဟာ စစ်ပွဲဟာ ဘာလဲ၊ အိုဒီဆီးယပ်စ်ဆိုတာ ဘယ်သူလဲ၊ သူဘာကြောင့် အိမ်ပြန်လို့မရနိုင်တာလဲကို သိချင်လှပြီဖြစ်ပါတယ်။

​ခေတ်သစ်စကားပြေကဗျာတစ်ပုဒ်ထဲက ဥပမာပြပါမယ်။ မိုက်ဒီဆန်ဇိုရဲ့ ဂျိမ်းစ်တိတ်ဖို့ ကဗျာ ဆိုတဲ့ ကဗျာထဲကပါ။ “ဒီတလော ကျွန်တော့်ဘေးနားက ကလေးတွေ ထူးထူးခြားခြားတွေ ပြုမူနေကြတယ်” ဆိုတဲ့ စာကြောင်းနဲ့စတင်ထားပါတယ်။ စာကြောင်းလေးက တိုတိုလေးပါ။ စာထဲမှာပါတဲ့ ကျွန်တော်က ဘယ်သူလဲ၊ ဘေးနားကကလေးတွေက ဘာလို့ထူးထူးခြားခြားပြုမူနေရတာလဲ။ ကျွန်တော့်ဘေးနားမှာ ဘာလို့ကလေးတွေရှိနေတာလဲ။ ဆက်ဖတ်ရင်း ဒီမေးခွန်းတွေကို ဖြေနိုင်မှသာဖြစ်ပါမယ်။ အိုဒီးဆီးယပ်စ် စာချင်းယှဉ်ရင်တိုတောင်းမေယ့် အဖြေကိုသိရမှဖြစ်ပါမယ်။ မိုက် ဒီဆန်ဇိုဟာ ၂၁ ရာစုမှာ လူသိများတဲ့ ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ရေးသားပုံတွေက ထူးခြားပြီး သီးသန့်ခွဲထွက်ပါတယ်။ သူ့ကဗျာတွေမှာ ဇာတ်ကြောင်းပြောဘောင်တစ်ခုအတွင်းမှာပဲ မသေချာမရောမှုကို ဖတ်ရတတ်ပါတယ်။ ဂျွန် ဘာဂျာရဲ့ စာအုပ်ဖြစ်တဲ့ And Our Faces, My Heart, Brief as Photos မှာ “ကဗျာတွေဟာ ဇာတ်ကြောင်းပြောဖြစ်နေပါစေ ဇာတ်လမ်းတွေနဲ့မတူတတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ “ဇာတ်လမ်းတိုင်းဟာ စစ်ပွဲတွေအကြောင်းပါပဲ၊ တစ်ခုမဟုတ်တစ်ခုဟာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်နဲ့ပဲ အဆုံးသတ်ပါတယ်။ အရာရာဟာ နိဂုံးကို ဦးတည်နေပြီး နောက်ဆုံးမှာ ရလဒ်ကိုသိရမှာဖြစ်ပါတယ်။ ကဗျာတွေကတော့ ရလဒ်ဘယ်လိုပဲရှိပါစေ စစ်မြေပြင်တွေကိုဖြတ်၊ ဒဏ်ရာရသူတွေကို ဆေးကုပေးပြီး၊ အနိုင်ရသူ သို့မဟုတ် အကြောက်တရားစိုးမိုးသူတွေရဲ့ တောပြောတောင်ပြော ပြောဆိုတာတွေကို နားထောင်ပေးပါတယ်” လို့ ဘာဂျာက ရေးသားဖူးပါတယ်။

​ဘာဂျာက ဇာတ်ကြောင်းပြောနဲ့ ကဗျာကြားက ကွဲပြားမှုဟာ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဘိုဘိုဝင်း ဘာသာပြန်တဲ့ ဂျိမ်းစ်တိတ်ဖို့ ကဗျာ (Poem for James Tate) ကို တစ်ပုဒ်လုံးဖော်ပြလိုက်ပါတယ်။

“ဒီတလော ကျွန်တော့်ဘေးနားက ကလေးတွေ ထူးထူးခြားခြားတွေ ပြုမူနေကြတယ်။ ဓာတ်လှေကားတွေနဲ့ ရထားတွေပေါ်မှာ သူတို့တွေက ကျွန်တော် ထူးထူးဆန်းဆန်းစိုးရိမ်စိတ်နဲ့ စိုက်ကြည့်ကြပြီး သို့လောသို့လော တွေးနေကြထင်တယ်။ သူတို့ အတိတ်ဘဝက ကျွန်တော့်ကို မှတ်မိကြတာလားမသိဘူး။ တစ်ခါတလေလည်း သူတို့က ပိုက်ဆံတွေ လှူကြတယ်။ ကျွန်တော် လက်ခံခဲပါတယ်။ လက်ခံတဲ့အခါတိုင်းလည်း “ပေးချင်တာသေချာရဲ့လား” နဲ့ “မင်းတို့က အတင်းပေးနေမှတော့ကွာ” လို့ ပြောတတ်တယ်။ မနေ့ကလည်း ကလေးလေးတစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီးရယ်တယ်။ “ဘာတွေရယ်စရာကောင်းနေတာလဲ” လို့ ကျွန်တော်က မေးလိုက်တယ်။ “ခင်ဗျားရဲ့ အထွေထွေပုံပန်းသွင်ပြင်ပေါ့ဗျာ” လို့ အဲ့ဒီကလေးက ပြန်ပြောတယ်။ ကျွန်တော့်မှာ ရယ်လိုက်ရတာ။ ဘာလို့လဲဆိုတော့ ကလေးပါးစပ်ကထွက်တဲ့ အတော်ကို ရယ်စရာကောင်းတဲ့ အရာမို့လို့ ဝန်ခံရမှာပဲ။ သေချာပြောရရင်တော့ ရင်ထဲတော့ နာတယ်။ ဒါပေမဲ့ အပြင်မှာ အခွံမာသယောင် ဟန်ဆောင်ထားရတာ။ အဲ့ဒီပုံမျိုးဆို ငါက သင်းခွေချပ်လိုမျိုးပေါ့။ ဒါပေမဲ့ ငါလည်း ပိုးမွှားတွေနဲ့ အသက်ဆက်နေတာလည်းမဟုတ်သလို တူးတူးဆွဆွနေတတ်တဲ့သူလည်းမဟုတ်တော့ အခွံမာနဲ့ နှိုင်းယှဉ်တာက ဒီလောက်နဲ့ပဲ အဆုံးသတ်ပါတယ်။ ဒီနေ့ ကလေးလေးတစ်ယောက်က ငါ့ကို လမ်းမှာတားပြီး လမ်းမသိလို့မေးသေးတယ်။ “ဘယ်ကိုသွားချင်တာလဲ” လို့ ငါကမေးလိုက်တယ်။ “ဘယ်ပဲဖြစ်ဖြစ်ပေါ့” လို့ အဲ့အကောင်လေးက ပြောတယ်။ ကျွန်တော် မျက်ရည်တွေ ဝဲတက်သွားတယ်။ “မင်းကိုမပြောပြနိုင်ဘူးကွာ၊ ဘဏ်နဲ့ ဂတ်စ်ဆိုင်ကို ဘယ်လိုသွားရမယ်လောက်ပဲ သိတာ” လို့ ကျွန်တော် ပြောလိုက်တယ်။ ကလေးလေးက မျက်နှာရှုံ့တွသွားတယ်။ “ခင်ဗျားကြီးကြောင့် ကျွန်တော် စိတ်ရှုပ်သွားပြီ”လို့ အဲ့ဒီအကောင်လေးက ပြောပြီး နောက်ခြေထောက်ပေါ်ထောက်ပြီး လျှောက်သွားတယ်လေ။ အနီးအနားက ကလေးလေးတစ်ယောက် ငါ့ကိုကြည့်ပြီး ခေါင်းခါရမ်းရင်း ပုလွေနဲ့ ဝမ်းနည်းဖွယ်တေးတစ်ပုဒ်မှုတ်လိုက်တယ်။ ကျွန်တော်လည်း တစ်ချိန်တုန်းက သူတို့လိုပဲမို့ ကျွန်တော့်ကိုသနားတာထင်တယ်။ ကျွန်တော်ဟာ သူတို့အနာဂတ်မို့လို့ သူတို့က ကျွန်တော့်ကိုကြောက်တာလည်းဖြစ်နိုင်တယ်။”

ဒီကဗျာမှာဆိုရင်လည်း အချိန်ရဲ့သဘောကို ကောင်းကောင်းဖော်ပြသွားနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ကဗျာဆရာဟာ လက်ရှိဖြစ်ပျက်နေပုံမျိုးနဲ့ရေးထားတယ်လို့ထင်ရပါတယ်။ တကယ်ကတော့ သူဟာ သူ့ဘဝအကြောင်းရော၊ လမ်းမှာ တွေ့ရတဲ့ကလေးတွေရဲ့ ဘဝကိုပါ တစ်ပါထဲရေးလိုက်တယ်လို့ မှတ်ယူနိုင်ပါတယ်။ တကယ်တော့ ကလေးတွေဟာ သူတို့မဟုတ်ဘဲ ကျွန်တော်ဆိုတဲ့ ဇာတ်ဆောင်ရဲ့ အတိတ်လည်းဖြစ်ချင်ဖြစ်နေနိုင်တာပါပဲ။ ဒါကြောင့်လည်း သူတို့ရဲ့ အနာဂတ်ကိုမြင်ပြီး ကျွန်တော်ကို ကြောက်နေကြတာဖြစ်နိုင်ပါတယ်။ စကားပြေကဗျာတွေရဲ့ သဘာဝကိုက ဇာတ်ကြောင်းပြောမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို တိုးလာစေပြီး သူတို့ကိုယ်ပိုင်ယုတ္တိနဲ့ပဲ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးတတ်ပါတယ်။ ကိုယ်ပိုင်ယုတ္တိနဲ့ ဇာတ်ကြောင်းပြောတဲ့ပုံစံတွေကို ဖန်တီးနေပြီး စာဖတ်သူရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးတတ်တဲ့ ဒီလိုအရေးအသားတွေဟာ ဘာဖြစ်လို့များ ဒီနေ့ခေတ်မှာ လူကြိုက်များလာရလဲလို့ မေးစရာရှိပါတယ်။ ဘာဂျာရဲ့ ခွဲခြားချက်ဟာ အဖြေဖြစ်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းတွေက စစ်ပွဲတွေအကြောင်းဖြစ်ပြီး ကဗျာတွေကတော့ စစ်မြေပြင်တွေမှာ လျှောက်သွားပြီး ဒဏ်ရာရှိသူတွေကို ကုသပေးတယ်ဆိုတဲ့ စကားပါပဲ။ ဟသရင်တန်နဲ့ အသာတန်တို့က ပြောသလို စကားပြေကဗျာဆိုတာ ဘာတွေဖြစ်ပျက်ခဲ့တယ်၊ ဘာတွေဆက်လက်ဖြစ်ပျက်မယ်ဆိုတာကို အလေးအနက်ထားတယ် ဆိုတဲ့စကားပါပဲ။ စကားပြေကဗျာဟာ ကျွန်တော်တို့သိထားတဲ့ အမှန်တရားတွေ၊ ကျွန်တော်တို့အပေါ် ရိုက်သွင်းလာတဲ့ အမှန်တရားတွေဆိုတာတွေဟာ တကယ့်အမှန်တရားတွေမဟုတ်ဆိုတာကို စိတ်မသက်မသာနဲ့လက်ခံဖို့အတွက် သင့်လျော်တဲ့ ပုံစံဖြစ်လာခဲ့ပါတယ်။

​စကားပြေကဗျာတွေရဲ့ ဇာတ်ကြောင်းပြောဟာ ရိုးရှင်းလွန်းမနေဘူးဆိုတာ အထက်က ဖော်ပြခဲ့တဲ့ စကားပြေကဗျာကိုကြည့်ရင်သိနိုင်မှာပါ။ ရိုးရှင်းလွန်းတဲ့ ဇာတ်ကြောင်းပြောတွေဟာ တစ်ခါတရံမှာ တလွဲတွေးစေနိုင်ပါတယ်။ လူမှုရေးအရလည်း အန္တရာယ်ရှိပါတယ်။ ဥပမာပေးရမယ်ဆိုရင် ဒေါ်နယ် ထရမ့်ရဲ့ ရွှေ့ပြောင်းဆန့်ကျင်ရေး ဇာတ်ကြောင်းပြောဖြစ်တဲ့ “တို့နိုင်ငံကို ပြန်လည်ထိန်းချုပ်မယ်” ဆိုတဲ့စကားဟာ သူ့သမ္မတရွေးကောက်ပွဲမဲဆွယ်မှုအတွင်း သိပ်ကိုလူသိများလွန်းလို့ လက်ယာစွန်းတွေက အသွေးအသားထဲကို မှတ်ယူပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ လွှတ်တော်အဆောက်အအုံကိုဝင်ရောက်စီးနင်းခဲ့တဲ့အထိပါပဲ။ ဒီအဖြစ်အပျက်ကြောင့် လူခြောက်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၁၄၀ နဲ့အခြားလူများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ဖို့ လှုပ်ရှားမှုမှာလည်း “ပြန်လည်ထိန်းချုပ်ခြင်း” ဆိုတဲ့ ဇာတ်ကြောင်းပြောရှိခဲ့ပါတယ်။ ပြန်လည်ထိန်းချုပ်ခြင်းဆိုတဲ့စကားကြောင့်ပဲ လူမျိုးရေးခွဲခြားမှုဆိုင်ရာအမြင်တွေကို တရားဝင်အောင် လုပ်လိုက်သလိုရှိခဲ့ပါတယ်။ ဒီလိုမျိုး နိုင်ငံရေးအရ ဇာတ်ကြောင်းပြောတွေဟာ ၂၀ ရာစုအစောပိုင်းမှာ ရုရှားဖော်မယ်လစ်တွေပြောတဲ့ တည်ဆောက်ပုံ၊ ရည်ရွယ်ချက်၊ သဒ္ဒါနဲ့ ဟောပြောပို့ချမှုသဘောဆိုင်ရာ အမြင်တွေကို ထင်ဟပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအရဖြစ်တည်မှုဟာ လူထုပုံပြင်တွေ၊ အလွမ်းဇာတ်တွေနဲ့ ဇာတ်ကြောင်းပြောတွေ ပါဝင်ဖွဲ့စည်းထားမှန်း သိသာထင်ရှားလာပါတယ်။ ဂျိုသနန် ဟိုက် ပြောသလိုပါပဲ လူ့စိတ်ဆိုတာ ဇာတ်လမ်းကို စောကြောပြီး၊ ယုတ္တိကိုမစောကြောပါဘူး ဆိုတဲ့အတိုင်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ မကြာခဏကြားနေရပြီး အပ်ကြောင်းထပ်နေတဲ့ ဇာတ်ကြောင်းပြောကြီးတွေအောက်က ကော်ဇောကိုဆွဲထုတ်ပြီး အစက လှန်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။ အားလုံးနဲ့ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံကို ကျွန်တော်တို့ ပြန်လည်ထိန်းချုပ်လို့မရပါဘူး။ ဇာတ်လမ်းတွေကြောင့် လူသားဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ လူသားဖြစ်တည်မှုဟာ ဇာတ်လမ်းတွေကို စောကြောစစ်ဆေးနိုင်မှုအပေါ် မူတည်နေပါတယ်။ အမေရိကကို ပြန်လည်ကြီးကျယ်အောင်လုပ်မယ်ဆိုတဲ့ ထရမ့်ရဲ့ပြောစကားဟာ လူသန်းပေါင်းများစွာကို ဒုက္ခရောက်အောင်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

​အပြင်လူဆိုတဲ့ အဆင့်အတန်းကို ရရှိနေဆဲဖြစ်တဲ့ စကားပြေကဗျာဟာ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အချိန်မှာ နေထိုင်နေရတဲ့ ကျွန်တော်တို့အတွက် အကောင်းဆုံးစာပေအမျိုးအစားပါပဲ။ စာမျက်နှာပေါ်မှာ လေးထောင့်ပုံစံတိုတိုလေးရှိတဲ့ စကားပြေကဗျာဟာ အရစ္စတိုတယ်ရဲ့ ဇာတ်ကြောင်းပြောဆိုင်ရာ မျှော်မှန်းချက်တွေကို ပြောင်ပြောင်ကြီးဆန့်ကျင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နေ့စဉ်ကြုံနေရတဲ့ အသင့်ပြင်ဆင်ပြီး ဇာတ်ကြောင်းပြောတွေကိုလည်း မေးခွန်းထုတ်ပါတယ်။ ဟဲသရင်တန်နဲ့ အသာတန်တို့ပြောသလိုပဲ ၂၁ ရာစုယဉ်ကျေးမှုရဲ့နေရာအတော်များများမှာ တရားသေစွဲမှတ်ထားတဲ့ ယုံကြည်မှုတွေနဲ့ ဧကယဉ်ကျေးမှုဆိုင်ရာအမြင်တွေကို မေးခွန်းထုတ်နေကြပါပြီ။ စကားပြေကဗျာဟာ ဒီလို ကျယ်ပြန့်လာတဲ့အမြင်တွေကို သုံးသပ်ရုံသာမကဘဲ ဗဟုဖြစ်မှု၊ ကွဲပြားခြားမှုကိုပါ တက်ကြွစွာလက်ခံနေပါတယ်။

​“နိဂုံးတွေအများကြီးရှိတယ်၊ ခြောက်ခု၊ ၅၃ ခု၊ ၁၃၁ ခု၊ ၉၄၃၅ ခုဆိုတဲ့ နိဂုံးတွေ၊ ဒီအခန်းမှာ တစ်စက္ကန့်မှာ နိဂုံး ၁၈၆၀၀၀ ရှိတဲ့အထိ နဂုံးတွေက မြန်သထက်မြန်မြန်နဲ့ ရှိလာတယ်လို့” စကားပြေကဗျာဆရာ ရစ်ချတ် ဘရောက်တီဂန် ကပြောခဲ့ပါတယ်။ စကားပြေကဗျာဆိုတာ ဒီလိုမျိုးပါပဲ။

ရဲလွင်အောင်

ဒီအမှာစာအတွက် စာအုပ်တစ်ချို့ကို ဖတ်ရှုခဲ့ပါတယ်။

Arendt,Hannah. The Human Condition.University of Chicago Press,2018(Second Edition).