Announcement 010 – 013

Bo Bo Win

BBW worked as an Engineer and founder of Yanant Thit Myanmar Restaurant. He loves to write poems and articles since U time. He published the books and sharing to public as well.

Now the founder of Yanant Thit , BBW has a mission to do publish English version of articles and poems to the public.

Latest Posts



Social Links


ထုတ်ပြန်ချက်အမှတ် ၀၁၀
______________________

ဒုတိယအခန်းထဲကို မဝင်နဲ့နော်။ ဒီထဲမှာ နေရတာမကောင်းဘူး။ ရှင့်မှာ ရွေးချယ်ခွင့်ရှိတယ်။ ရှင့်အစား ကျွန်မတို့ကို ဝင်သွားခိုင်းလို့ရတယ်။ ရှင်လည်း ရောက်ဖူးနေတာပဲ။ ကိုယ့်ကိုယ်ကိုယ် သက်သာအောင် လုပ်လို့ရနေတာပဲ။ ကျွန်မ လူသားဆက်ဖြစ်နေသေးလား မသေချာတော့ဘူး။ ကျွန်မ လူသားလား။ ရှင်တို့ ဖိုင်တွေထဲမှာ ကျွန်မ ဘာဆိုတာ ရေးထားလား။

ထုတ်ပြန်ချက်အမှတ် ၀၁၁
______________________

ထုတ်ပြန်ချက်အမှတ် ၀၁၁
______________________

အခန်းထဲက မွှေးရနံ့မှာ နှလုံးသားလေးခုရှိတယ်။ နှလုံးတစ်ခုကမှ လူသားမဟုတ်ဘူး။ ဒါကြောင့် ကျွန်မ သူတို့အပေါ် တွယ်တာမိတာဖြစ်မယ်။ ဒီမွှေးရနံ့ရဲ့ အခြေမှာ မြေဆီနံ့၊ ဝက်သစ်ချနံ့၊ အမွေးတိုင်နံ့နဲ့ ပယင်းထဲပိတ်မိနေတဲ့ ပိုးကောင်အနံ့ရှိနေတယ်။ အညိုရောင် ရနံ့။ အနံ့စူးပြီး စွဲနေတာ။ အရေပြားပေါ်၊နှာခေါင်းထဲမှာ တစ်ပတ်လောက်ကို အနံ့စွဲနေတာ။ ကျွန်မ ကိုယ်ထဲမှာ ရှင်ပဲစိုက်ပျိုးခဲ့ပြီး ကျွန်မဟာ အမျိုးသားတစ်ဦးတည်းကိုပဲ ချစ်ရမယ်၊ အမျိုးသားတစ်ဦးတည်းပေါ်ပဲ သစ္စာရှိရမယ်၊ ပိုးပန်းခံသင့်တယ်ဆိုတဲ့ အတွေးကို ခေါင်းထဲထည့်ပေးခဲ့တာမို့ ကျွန်မက ဝက်သစ်ချနံ့ကို သိတယ်။ ကျွန်မသိတဲ့ ဘယ်သူကမျှ စိတ်ကူးယဉ်အချစ်နဲ့ ချစ်ကြတာမဟုတ်၊ သည်လိုဘဝမျိုးကို နေထိုင်ကြတာမဟုတ်ပေမယ့် ကျွန်မတို့အားလုံးဟာ စိတ်ကူးယဉ်အချစ်ကို အိပ်မက်ဖို့ ပြစ်ဒဏ်ကျနေကြတာမလား။ ဒါပေမဲ့ ဒါတွေဟာ ရှင် ကျွန်မကိုပေးခဲ့တဲ့ မျှော်လင့်ချက်အိပ်မက်တွေမလား။ သစ်ကြားနံ့ကို ထိကြည့်ရင် ဘယ်လိုနေမယ်မသိပေမယ့် အနံ့ကိုတော့ သိတယ်။ ဒါပေမဲ့ သစ်တောစွန်းမှာ ရပ်ပြီး ပင်လယ်ကို ကြည့်နေရင်း ကျွန်မ လက်ဝါးက ဝက်သစ်ချပင်စည်ပေါ်က ရေညှိကို ပွတ်တိုက်နေတယ်လို့ ကျွန်မ လက်က ခံစားနေရတယ်။ ဒီလိုခံစားချက်ကိုရော ကျွန်မ ကိုယ်ထဲ ထည့်ထားခဲ့တာလား ပြောပါဦး။ ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်းလား။ အဲ့ဒီပုံရိပ်က သူ့သဘောနဲ့ ကျွန်မကိုယ်ထဲကနေ ထွက်ပေါ်လာတာလား။

ဘဘဝ

The employees by Olga Ravn

ထုတ်ပြန်ချက်အမှတ် ၀၁၂
______________________

ကျွန်မ အဲ့ဒီထဲကို မဝင်သွားချင်ဘူး။ ကြမ်းပြင်ပေါ်က သုံးကောင်က များသောအားဖြင့် ရန်လိုနေကြတယ်။ မဟုတ်ရင်လည်း လျစ်လျူရှုနေသလိုပဲ။ လုံးလုံးကြီး မရှိသလိုနေတာဖြစ်လို့ သူတို့က ကျွန်မကို နာကျင်အောင်လုပ်ချင်တယ်လို့ ထင်မိတယ်။ သူတို့ကို ထိချင်စိတ် ဘာလို့ဖြစ်တယ်ဆိုတာ ကျွန်မလည်း နားမလည်ဘူး။ နှစ်ကောင်က အမြဲအေးစက်နေတာ။ တစ်ကောင်ပဲ နွေးတယ်။ ဘယ်အကောင် နွေးနေမယ်ဆိုတာ ရှင်တို့ ဘယ်တော့မှ မသိနိုင်ဘူး။ သူတို့အချင်းချင်း အားဖြည့်သလား၊ မဟုတ်ရင်လည်း စွမ်းအင်ချင်း တစ်ကောင်တစ်လှည့်စီ ဖလှယ်ကြသလားပဲ။ သူတို့ဟာ တစ်ကောင်ထဲလား၊ သုံးကောင်လား တစ်ခါတလေ မသေချာဘူး။ တစ်ကောင်နဲ့တစ်ကောင် သဟဇာတဖြစ်နေတဲ့ သီးခြားအစုံတွေဖြစ်နေတယ်။ သူတို့ကြား ရင်းနှီးကျွမ်းဝင်တာကို မြင်ခဲ့ဖူးတယ်။ အဲ့ဒီလိုနေတာကြောင့် ကျွန်မ ကြောက်လန့်မိတယ်။မုန်းလိုက်တာ။ သူတို့လို ကောင်တွေနဲ့ ကြုံခဲ့ဖူးတယ်။ ဘယ်အချိန်မဆို သူတို့ထဲက တစ်ကောင်က အခြားအကောင်ဖြစ်ချင်လည်းဖြစ်နေတတ်တာမျိုးလေ။ သူတို့နည်းသူတို့ဟန်နဲ့ တစ်ကောင်ချင်း မရပ်တည်နိုင်သလိုပဲ။ ဒါပေမဲ့ သူတို့ဟာ အခြားတစ်ကောင် ဖြစ်တည်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့မှ ရပ်တည်လို့ရနိုင်တာမျိုး။ သူတို့က အုံလိုက်ကျင်းလိုက် ဘယ်အချိန်မဆို အကောင်ပေါက်နိုင်စွမ်းရှိတယ်။ တောင်ကုန်းတွေပေါ်မှာဆိုရင် သူတို့က နှင်းခူတွေနဲ့တူတယ်။ ဒါပေမဲ့ ကျွန်မပြောခဲ့သလိုပဲ အဲ့ဒီအထဲကို မဝင်ချင်ဘူးလို့လေ။ ကျွန်မ ဆန္ဒမရှိရင်တောင် သူတို့က ထိချင်လာအောင် လုပ်ကြတယ်။ ကျွန်မဝင်သွားတဲ့အခါ ကျွန်မ အားနည်းပျော့ညံ့သွားအောင် လုပ်နိုင်တဲ့ ဘာသာစကားကို သူတို့ပိုင်ဆိုင်ကြတယ်။ သူတို့ဟာ အများကြီးဖြစ်တယ်၊ တစ်ကောင်တည်းမဟုတ်ဘူး၊ တစ်ကောင်ဟာ အခြားကောင်တွေအားလုံး အကြိမ်ကြိမ်ပွားထားတာဖြစ်တယ်ဆိုတဲ့ ဘာသာစကားပဲ။

ထုတ်ပြန်ချက်အမှတ် ၀၁၃
______________________

ဒီအခန်းထဲ မကြာခဏ ထိုင်စောင့်နေခဲ့ဖူးတယ်။ ပြတင်းပေါက်လည်းမရှိ။ ဒါပေမဲ့ ဝဲဘက်မှာ တံခါးတစ်ချပ်၊ ယာဘက်မှာ လျှောက်လမ်းရှိတယ်။ နံရံတွေက အဖြူရောင်နဲ့ ကြမ်းပြင်က လိမ္မော်ရောင်။ အခန်းအလယ်မှာက အယ်လ်ပုံစံထိုင်ခုံတန်းတစ်ခုရှိတယ်။ ပြီးတော့ နံရံတွေမှာ ချိုင့်ထားတဲ့နေရာတွေရှိလို့ စောင့်နေရင်း ကိုယ့်ဝတ်စုံကို ချိတ်ထားလို့ရတယ်။ ဒီမှာ ထိုင်နေရတာကို သဘောအကျဆုံးပဲ။ ကိုယ့်သဘောနဲ့ ကိုယ်လာနေလို့ရတယ်။ မျက်နှာကြက် အလယ်မှာ အပေါက်ဖောက်ထားတာမို့ အလင်းရောင်တန်းတစ်ခုက ကျနေတယ်။ အလင်းရောင်ထဲမှာ လက်ကို ဦးဆုံးထားကြည့်၊ ပြီးရင် ဖိနပ်မစီးထားတဲ့ ခြေထောက်နဲ့ နောက်ဆုံး တစ်ခေါင်းလုံး ထားလိုက်လို့ရတယ်။ ရေမိုးချိုးလိုက်ရသလိုပဲ အရသာရှိလှတယ်။ လျှပ်စစ်ဓာတ်နည်းနည်းတို့ခံလိုက်ရသလို ရှင့်ခန္ဓာကိုယ်ထဲ မျှော်လင့်ချက်ဆိုတာလေး စပ်ဖျဉ်းဖျဉ်းလေး ဖြတ်စီးသွားသလိုပဲ။ ဒါမှမဟုတ်ရင်လည်း တကယ်ဓာတ်လိုက်တာဖြစ်ချင်ဖြစ်နေမှာ။ ရှင်သိလား။ ဒါ ဓာတ်လိုက်တာမလား။ ပြီးနောက်မှာ ရှင်ဟာ အခန်းထဲဝင်ဖို့ အသင့်ဖြစ်နေပြီ။ ရှင်ဟာ လူသားအဆင့်မရောက်ဘူးဆိုရင်၊ မဟုတ်ရင်လည်း တစ်နည်းနည်းနဲ့ ရာထူးရာခံမရှိဘူးဆိုရင် ၊ ဥပမာပေးရမယ်ဆိုရင် ဒီမှာ ရှင့်အလုပ်ကို ပစ်ထားနေတာဖြစ်နေရင်၊ ကျွန်မကို လွတ်လွတ်လပ်လပ်ပြောခွင့်ပေးနော်၊ အဖွဲ့အစည်းကို ရှင်က ပြဿနာရှာထားမိရင်၊ ရှင်တော့ လည်ပင်းရှည်အောင် စောင့်ပေဦးတော့ပဲ။ အလင်းတန်းက ပေါ်လာမှာမဟုတ်ဘူး။ ရှင် အခန်းထဲဝင်ခွင့်ရမှာမဟုတ်ဘူး။ ရှင်က မသန့်ရှင်းတာမို့လေ။

ဘဘဝ

The employees by Olga Ravn

Leave a Reply

Your email address will not be published. Required fields are marked *