လွင့်မျောနေတဲ့တံတား (ဘာသာပြန် စကားပြေ ကဗျာ)
PROSE POEMS
DAVID SHUMATE
_________________
ဒေးဗစ် ရှူးမိတ်သည် အမေရိကန်ကဗျာဆရာတစ်ဦးဖြစ်သည်။ ရှူးမိတ်သည် စကားပြေကဗျာစာအုပ်သုံးအုပ်ကို ထုတ်ဝေခဲ့ပြီးဖြစ်ကာ ထိုစာအုပ်များကို ပစ္စဘတ်တက္ကသိုလ်က ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီးစာအုပ်များမှာ Kimonos in the Closet (2013) ၊ The Floating Bridge (2008) နှင့် High Water Mark (2004) တို့ဖြစ်သည်။
ယခုစာအုပ်မှာ ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် The Floating Bridge ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ စာအုပ်တွင် Far Villages၊ The Orange Flags of Babylon ၊ The Bible Belt ၊ Paris နှင့် The Floating Bridge အပိုင်းငါးပိုင်း ပါရှိသည်။
မာတိကာ
Far Villages
၁။ ဖက်ရှင်မောင်မယ်လူပုံစံအရုပ်များ(Mannequins)
၂။ ကာဖျကာ(Kafka)
၃။ ဟိုဘက်ရွာ(The Next Village)
၄။ အစ်ကိုကြီး လူပျိုရည်ပျက်ပြီ (Big Brother Loses His Virginity)
၅။ ငါးလတ်လတ်(Fresh Fish)
၆။ ဦးထုပ်ထဲက ယုန်တစ်ကောင်ကို ဆွဲထုတ်ခြင်း(Pulling a Rabbit Out of a Hat)
၇။ ဒွန်ကွီးဇုတ်(Don Quixote)
၈။ ဥပစာများ(Metaphors)
၉။ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ခြင်း(Translating a Poem)
၁၀။ ကမ္ဘာကြီးရဲ့ လွန်လွန်းလှတဲ့ ဝမ်းနည်းမှု(The Overwhelming Sadness of the Earth)
၁၁။ မရမ်းသီး(Plum)
၁၂။ ဉာဏ်ပညာ(Wisdom)
၄) အစ်ကိုကြီး လူပျိုရည်ပျက်ပြီ (Big Brother Loses His Virginity)
____________
ဒီရက်ပိုင်းတွေမှာ သူ စိတ်ဖိစီးတဲ့ပုံရှိနေတယ်။ မျက်လုံးတွေ အရောင်မတောက်၊ အိပ်ချင်မူးတူးပုံပေါက်နေတယ်။ အလုပ်လုပ်နေရင်းလည်း အိပ်ပျော်သွားတတ်တယ်။ အပူပိုင်းဒေသမှာ တစ်ပတ်လောက်သွားနေဖို့ ဆရာဝန်က ညွှန်းတယ်။ ပထမဆုံးညနေခင်းမှာ သူက ကိုယ်ရံတော်တွေကို ဖယ်ရှားလိုက်ပြီး ပုဇွန်အကောင်ကြီးကြီးနဲ့ ဒန်ပေါက်ထမင်းစားဖို့ စားသောက်ဆိုင်တစ်ဆိုင်ကို ထွက်သွားတယ်။ သူက ဘေးဝိုင်းက အမျိုးသမီးတစ်ဦး ရယ်မောတာနဲ့ပတ်သက်လို့ မှတ်ချက်စကားပြောလိုက်ပြီး မကြာမီ သူတို့တွေ ကမ်းခြေမှာ အတူလမ်းလျှော်ကကြတယ်။ ညလေလေး…။ လရေးကွေးကွေး…။ ဝိုင်ဖြူ…။ သူ တစ်ကြိမ်မှ မကြုံဖူးတဲ့ ယစ်မူးစရာတစ်မျိုး။ သူတို့က သူ့ကို အစ်ကိုကြီးလို့ ခေါ်ကြတယ်လို့ သူက သူမကို ပြောပြလိုက်တယ်။ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတဲ့သူပေါ့။ သူမကလည်း အင်း ကျွန်မကတော့ နပိုလီယံရဲ့ ဂျိုးဆက်ဖင်း ပါလို့ ပြန်ပြောတယ်။ သူမက သူ့ကို ဖက်ထားလိုက်ပြီး သူ့လည်ပင်းကို ရွရွလေး ကိုက်လိုက်တယ်။ အမှောင်ထဲမှာ ထင်ကျန်နေတဲ့ တွက်ဆလို့ရတဲ့ ခြေရာတွေပေါ့။ ညဝတ်ဝတ်စုံနဲ့ ဂါဝန်တို့ ကျောက်ဆောင်တွေပေါ်မှ တင်နေတယ်။ အဝတ်အစားမဲ့ ခန္ဓာကိုယ်နှစ်ခု သဲထဲမှာ လူးနေတယ်။ သာယာစရာ သရော်တော်တော်ကိစ္စမဟုတ်ပါလား။ ဒီနှစ်တွေမှာ သူ ကျွန်တော့်ကို စောင့်ကြည့်ထောက်လှမ်းခဲ့တယ်။ အခုတော့ အရိပ်ထဲက စောင့်ကြည့်နေတာ ကျွန်တော်ဖြစ်နေပြီ။ ပြီးတော့ ဖင်ပြောင်နေတာလည်း သူပဲလေ။
BIG BROTHER LOSES HIS VIRGINITY
The Orange Flags of Babylon
၁၃။ ဘေဘီလုံမှ လိမ္မော်ရောင်အလံများ(The Orange Flags of Babylon)
၁၄။ သလဲသီး စမ်းစားကြည့်ခြင်း(Learning to Eat a Pomegranate)
၁၅။ ငှက်ဝါ(The Yellow Bird)
၁၆။ ပီကာဆို(Picasso)
၁၇။ ဦးခေါင်းတော်မဲ့ သူတော်စင်များ(The Headless Saints)
၁၈။ အပျော်တမ်း ဇင်ဆရာ(The Amateur Zen Master)
၁၉။ ဟိုက်ကူကဗျာတစ်ပုဒ်အတွင်း ပိတ်မိခြင်း(Trapped Inside a Haiku Poem)
၂၀။ နိဗ္ဗာန်ဆိုတဲ့ ကျွန်း(The Island of Nirvana)
၂၁။ မိုး(Rain)
၂၂။ ကလေးတွေရဲ့ အိပ်မက်(The Dreams of Children)
၂၃။ ရထားများ(Trains)
၂၄။ ရှည်လျားတဲ့ လမ်း(The Long Road)
၂၀) နိဗ္ဗာန်ဆိုတဲ့ ကျွန်း
_________________
ဒီနေ့မှာ နိဗ္ဗာန်ဆိုတဲ့ ကျွန်းနဲ့ပတ်သက်လို့ ကျွန်တော့် ကျောင်းသူကျောင်းသားတွေကို အမှားအမှန်ရွေးရတဲ့ စစ်ဆေးမှုတစ်ခုလုပ်ခဲ့တယ်။ တစ်ပတ်လုံးလုံး ကျွန်တော်တို့ဟာ ဒီရှေးဟောင်းကျွန်းရဲ့ မြေပုံတွေကို လေ့လာခဲ့ကြပြီးပြီ။ တောင်စဉ်တောင်တန်းတွေ။ ရေလျှံနေတဲ့ စမ်းချောင်းတွေ။ အဓိကပို့ကုန်ဖြစ်တဲ့ ပန်းတွေ၊ ပျားရည်တွေ။ ကျွန်းရဲ့ စိတ်နေသဘောထားနူးညံ့တဲ့ဘုရင်တွေအကြောင်း ကျွန်တော် ပို့ချပြီးပြီ။ ပင်လယ်ဘက်ကို မျှော်ကြည့်နေတဲ့ ကျောက်တုံးရုပ်တုတွေရဲ့ ပညာရှိမျက်နှာတွေ။ နောက်ဆုံးမှာ လူတိုင်း သူတော်စင်ဖြစ်သွားတဲ့ ဘာသာရေး။ ဒါပေမဲ့ ဒီသင်ခန်းစာပြီးရင် ကျောင်းသားတွေ ပျော်ကြမှာ။ စစ်တစ်ခါမှ မဖြစ်ဖူးတဲ့ ဓလေ့အကြောင်းသိရတာ သူတို့ စိတ်မသက်မသာဖြစ်စေလို့လေ။ ဘွဲ့တော်နဲ့သိရတဲ့ ဒေဝတာတွေ။ ခင်ဗျားစိတ်ဝိညာဉ်မှာ အစပြုတဲ့ ရာသီဥတု။ သူတို့နေ့စဉ်ကြုံနေရတာနဲ့ ပြောင်ပြောင်ကြီးဆန့်ကျင်နေလိုက်တာများ။ ပြီးတော့ သူတို့ကို သိမ်ငယ်စေတယ်။ အမှန်တရားကို မပြောရဲဘူးလေ။ … ဒီကျွန်းဆိုတာက စိတ်အခြေအနေတစ်ခုပဲ။ ပြီးတော့ ကျွန်တော်တို့ကို ကမ်းကပ်စေမယ့် ကုတို့လှေတွေကို နေ့တိုင်းမီးရှို့ဖျက်ဆီးပစ်နေတယ်ဆိုတာကိုရောပေါ့။
THE ISLAND OF NIRVANA
The Bible Belt
၂၅။သမ္မာကျမ်းစာရပ်ဝန်း(The Bible Belt)
၂၆။ နတ်ဘုရားတွေ(The Gods)
၂၇။ ငရဲရဲ့ လှေကားတွေ(The Ladders of Purgatory)
၂၈။ ယေရှုပုံဆွဲခြင်း(Drawing Jesus)
၂၉။ ယေရှုရဲ့ ဉာဏ်ရည်အညွှန်းကိန်း(Jesus’s IQ)
၃၀။ သမာဓိပျက်အောင်လုပ်ခြင်း(Seduction)
၃၁။ ဂျူးဆင်းရဲသားရပ်ကွက်(The Jewish Ghetto)
၃၂။ ဂမိုရာကိုသွားဖို့ ဘတ်စ်ကားပေါ်တက်ခြင်း(Boarding the Bus to Gomorrah)
၃၃။ ဥုံမ်(Om)
၃၄။ သုည(Zero)
၃၅။ ရောင်တော်(Halo)
၃၆။ မရဏအိမ်(The House of Death)
၂၉) ယေရှုရဲ့ ဉာဏ်ရည်အညွှန်းကိန်း
_____________________
ယေရှုရဲ့ ဉာဏ်ရည်အညွှန်းကိန်းအကြောင်း ညည့်နက်ပိုင်းမှာ ရေဒီယိုအစီအစဉ်မှာ တင်ဆက်မယ့်အကြောင်း သူတို့တွေ သို့လောသို့လော ပြောနေကြတယ်။ အစီအစဉ်ကို ဖုန်းဆက်ပြောဆိုသူတစ်ဦးက အိုင်းစတိုင်းရဲ့ ဉာဏ်ရည်ထက် ဆယ်ဆပိုမြင့်တယ်လို့ အဆိုပြုတယ်။ သူတို့နှစ်ဦးကို နှိုင်းယှဉ်တာ မတရားဘူးလို့ အစီအစဉ်တင်ဆက်သူက သတိပေးတယ်။ ယေရှုမှ သင်္ချာမတွက်ခဲ့တာလေ။ အိုင်းစတိုင်းကလည်း သေသူကို ပြန်မရှင်စေခဲ့ဘူး။ ယေရှုတို့ခေတ်တုန်းက ဉာဏ်ရည်အညွှန်းကိန်းဆိုတာ မရှိဘူးလို့ အစီအစဉ်ကို ဖုန်းဆက်သူအခြားတစ်ဦးက ပြောပြန်တယ်။ ကြော်ငြာတစ်ခု ထုတ်လွှင့်ပြီးနောက်မှာ အိုကလာဟိုးမားက ညစောင့်တစ်ဦးက ယေရှု ခြေညှပ်ဖိနပ်တွေကို လက်ကကိုင်ပြီး ချောင်းထဲ ခြေဗလာနဲ့ ဖြတ်လျှောက်သွားတာ တစ်ခါမြင်လိုက်ဖူးတယ်လို့ ပြောတယ်။
ကျွန်တော် အမေရိကကို ဖြတ်ပြီး ကားမောင်းနေတာ။ အိမ်ကနေ မိုင်တစ်ထောင်လောက်ဝေးတာ။ လွန်ခဲ့နှစ်ရာပေါင်းများစွာက အင်ဒီးယန်းတွေက သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေကို ပူဇော်ပသတဲ့အနေနဲ့ ရက်ပေါင်းများစွာ ကခုန်ကြတယ်လေ။ ခရစ်ယာန်တွေ ရောက်လာတော့ သူတို့က အရင်က ကိုးကွယ်ခံရတဲ့ နတ်ဘုရားတွေကို တောင်တွေဆီ နှင်ထုတ်လိုက်ကြရော။ တောင်တွေပေါ်မှာ နတ်ဘုရားတွေရှိနေသေးတယ်။ မိုးကြိုးတွေကို စုစည်းတယ်။ လေကို ထုတ်လုပ်တယ်။ လကို ကောင်းကင်ပေါ် တင်တယ်။ မိုးကိုလည်း အချိန်အခါလိုက် ရွာစေတယ်။ သူတို့သာမရှိရင် ခရစ်ယာန်တွေ လာရပ်ကို ပြန်သွားကြရမှာ။
JESUS’S IQ
Paris
၃၇။ ပါရီရောက် ဘဲဒိုဝင်များ(The Bedouins of Paris)
၃၈။ ပါရီနွေဦး(Spring in Paris)
၃၉။ လူစီဖာ(Lucifer)
၄၀။ အကြင်နာပေးနည်းသင်တဲ့ အင်စတီကျု(The Kissing Institute)
၄၁။ အပြာလုပ်ငန်း(Pornography)
၄၂။ ပြင်သစ်နိုင်ငံခြားတပ်ဖွဲ့(French Foreign Legion)
၄၃။ ဂါးထရု စတိုင်းရဲ့ ဥယျာဉ်မှူး(Gertrude Stein’s Gardener)
၄၄။ စမ်းသေချင်သူများအတွက် ပန်းခြံ(Dying Park)
၄၅။ ပါရီမြို့ဂိတ်တံခါးများ(The Gates of Paris)
၄၆။ ပါရီမြို့ရောက် အမေရိကန်တစ်ဦး(An American in Paris)
၄၇။ ပါရီ၊ အမေရိကန်ပြည်ထောင်စု(Paris, USA)
၄၄) စမ်းသေချင်သူများအတွက် ပန်းခြံ
__________________
ပါရီမြို့လယ်မှာ သေဖို့အတွက် ကြိုပြင်ချင်တဲ့သူတွေ သွားတတ်တဲ့ ပန်းခြံတစ်ခြံရှိတယ်။ သစ်ပင်တွေကြားထဲက မြေကွက်လပ်လေးပေါ့။ ဒါကြောင့် လူအများစုက အဲဒါရှိလို့ ရှိမှန်းတောင် မသိကြဘူး။ တပည့်တပန်းတွေ အဖြူရောင်ဝတ်စုံဝတ်၊ အိပ်ရာခေါင်းအုံး၊အခင်းစောင်တွေ သယ်ပြီး မနက်ဆိုရောက်လာပြီး ယာယီဆေးရုံလေးထားတော့တာပဲ။ တချို့လည်း သေငယ်ဇောမျောနေတာမို့ ဝိုင်းဝန်းသယ်လာကြရတယ်။ တချို့ကလည်း သေခါနီး အမိုက်မှောင်ကျတယ်လို့ မခံစားရပေမဲ့ သေမယ်ဆိုရင် အသင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ချင်ကြတယ်။ တချို့လည်း လုပ်စရာမယ်မယ်ရရမရှိတာမို့ ဒီလိုလုပ်ရင် မိတ်ဆွေတွေတိုးကောင်းတိုးလာနိုင်တယ်လို့ မှတ်ကြတယ်။ ဒီနှစ် နည်းပြဆရာက မော်ရိုကိုက။ သူက သေပြီးလို့ ငါးကြိမ် ပြန်ရှင်သန်ထမြောက်ပြီးပြီ။ သူက သေတယ်ဆိုတာ ကြောက်စရာမဟုတ်ဘူးလို့ ပြောပြီး သေခြင်းကို ထိတွေ့ခံစားတာဟာ အရသာရှိပေ့ဆိုတဲ့ လိမ္မော်သီးကို စားလိုက်ရသလိုပဲလို့ ဖွင့်ဆိုရှင်းပြတတ်တယ်။ သင်ခန်းစာတစ်ခုအစပြုတိုင်း သူက တပည့်တပန်းတွေကို အိပ်ရာပေါ်မှာ လှဲပြီး မျက်လုံးတွေ မှိတ်ထားဖို့ ခိုင်းတတ်တယ်။ ပြီးတော့ တောက်ပတဲ့ ဝိဉာဉ်ကြိုးမျှင်လေးတွေကို ဘယ်လို ငြင်ငြင်သာသာလေး လျှော့ပေးမလဲဆိုတာ သူက ပြသပေးတယ်။ ပို့ချနေချိန်အတွင်း တချို့လည်း အိပ်ပျော်သွားကြတယ်။ တချို့လည်း ငိုကြယိုကြနဲ့။ လွန်ခဲ့တဲ့အပတ်ကတော့ တစ်ယောက် တကယ်သေသွားတယ်။ သူတို့အားလုံး သူ့အပေါ် မိုးပြီးရပ်နေကြတယ်။ ပြီးတော့ သေသူရဲ့ သွေးတွေ ဘယ်လို လှလှပပတိတ်ဆိတ်သွားတယ်ဆိုတာကို သိဖို့ ဆရာက တပည့်တစ်ယောက်ချင်းစီကို လက်ချောင်းလေးတွေတင်ပြီး သွေးခုန်နှုန်းစမ်းခိုင်းတယ်လေ။
DYING PARK
The Floating Bridge
၄၈။လွင့်မျောနေတဲ့ တံတား(The Floating Bridge)
၄၉။ သစ်တောတစ်ခုဖန်တီးခြင်း(Making a Forest)
၅၀။ ဒါလီထံသွားလည်ခြင်း(A Visit with Dalí)
၅၁။ ဥတ္တရလေ(North Wind)
၅၂။ ကလေးသူငယ်များအတွက် စာအုပ် သရုပ်ပြပုံများ၊ ၁၈၉၀ ခုနှစ်ခန့်(Children’s Book Illustrations, circa 1890)
၅၃။ အီတာလျံဘာသာကို အေးဆေးစွာသင်ယူခြင်း(Learning Italian Slowly)
၅၄။ လွန်ခဲ့တဲ့ နှစ် ၃၀ က ရေးခဲ့တဲ့ ကဗျာ(A Poem I Wrote Thirty Years Ago)
၅၅။ တရုတ်စားသောက်ဆိုင်(Chinese Restaurant)
၅၆။ ကြိုဆိုပါတယ် ကလေးတို့(Welcome Home, Children)
၅၇။ ထီးသမိုင်း(The History of the Umbrella)
၅၈။ ကျွန်တော် အိပ်နေချိန်(While I Sleep)
၅၉။ ငါး(The Fish)
၅၅) တရုတ်စားသောက်ဆိုင်
_________________
ငြင်းကြခုန်ကြပြီးရင် ကျွန်တော့်မိသားစုဟာ တရုတ်စားသောက်ဆိုင်မှာပဲ အမြဲလိုလိုညစာစားလေ့ရှိတယ်။ အရှေ့တိုင်းနဲ့ပတ်သက်တာ တစ်ခုခုက ခါးသီးနာကျည်းမှုတွေကို တိုက်စားပစ်လေ့ရှိတယ်။ ခင်ဗျား ခဏလောက်နားလေ့ရှိတဲ့ မြစ်ကမ်းနှဖူးလိုပေါ့။ ကျွန်တော်တို့ဝင်လာချိန်မှာ ပိုင်ရှင်က ဦးညွှတ်ပြီး ကြိုတယ်။ အများကြီးကြုံခဲ့ဖူးတယ်ဆိုတဲ့ လူမျက်နှာမျိုး။ တော်လှန်ရေးတစ်ခု။ ချစ်တဲ့သူတွေ နှိပ်စက်ခံရတာ။ သူ ဘယ်တော့မှ ထုတ်မပြောရဲတဲ့ အကြောက်တရား။ သူ့ဇနီးက ကျွန်တော်တို့ကို စားပွဲဆီ ဦးဆောင်ခေါ်သွားတယ်။ သူက ကျွန်တော်တို့လောက် ခြေလှမ်းမကျယ်ဘူး။ သူ့သမီးငယ်က ကျွန်တော်တို့အတွက် လက်ဖက်ရည်ယူလာတယ်။ သမီးကြီးက အင်မတန်ကိုကောင်းမွန်လှတဲ့ အင်္ဂလိပ်စာနဲ့ ကျွန်တော်တို့ရဲ့အမှာတွေကို လက်ခံတယ်။ နှစ်တိုင်းနှစ်တိုင်း သူ့အလှက အရင်ထက် ပိုသိမ်မွေ့လာသလိုပဲ။ တစ်ခါတလေ စားသုံးသူဆိုလို့ ကျွန်တော်တို့ပဲရှိတတ်ပြီး ကျွန်တော်တို့ ဘဲသားနဲ့ ပုဇွန်ကို တူနဲ့စားနေချိန်မှာ သူတို့က ခပ်လှမ်းလှမ်းကနေ ပြုံးနေကြတယ်။ ညစာစားပြီးနောက်မှာ ကျွန်တော်တို့ဟာ သူတို့ရဲ့ တိတ်ဆိတ်မှုထဲမှာ သက်သာရာရကြတယ်။ ကျွန်တော့်အစ်ကို ဟာသတစ်ခုပြောတယ်။ ကျွန်တော့်အမေက လက်သုတ်ပဝါကို ငှက်တစ်ကောင်ပုံစံ ချိုးတယ်။ ကျွန်တော့်ညီမက ကျွန်တော်တို့ကွတ်ကီးတွေကို ခွာပြီး ရှေ့ဖြတ်ဟောစာတွေကို အသံထွက်ဖတ်ပြတယ်။ ကျွန်တော်တို့ ပြန်လာချိန်မှာ ကျွန်တော့်အဖေက အဘိုးကြီးနဲ့ အမြဲလက်ဆွဲနှုတ်ဆက်တယ်။
CHINESE RESTAURANT







