အိုင်ဝေဝေ စကားဝိုင်း
29th June
ဒီည ကျနော်တို့ရဲ့ ဟောပြောသူတွေကို မိတ်ဆက်စရာမလိုလောက်ပါဘူး။ အိုင်ဝေဝေကို ကမ္ဘာ့အကျော်ကြားဆုံး အနုပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူအဖြစ် ကျနော်တို့ သိကြပါတယ်။ သူဟာ တရုတ်အနုပညာသမိုင်းမှာ ဩဇာညောင်းတဲ့ ပြပွဲတချို့ကို စီစဉ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဘေဂျင်းအရှေ့ပိုင်းမှာ အနုပညာရပ်ကွက်တစ်ခုလုံးကို တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်လည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး အင်တာနက်ကို လွတ်လပ်စွာ လှုပ်ရှားမှုနဲ့ ထုတ်ဖော်ပြောဆိုမှုအတွက် နေရာတစ်ခုအဖြစ် မြင်ခဲ့တဲ့ အနုပညာရှင်ဖြစ်နိုင်ပါတယ်—အထူးသဖြင့် တရုတ်နိုင်ငံမှာ ဒီလိုလှုပ်ရှားမှုနဲ့ ဖိုရမ်စုဝေးမှုဟာ ခေတ်မီတရုတ်သမိုင်းမှာ မကြုံဖူးတဲ့ အရာတွေဖြစ်ခဲ့ပါတယ်။ အီဗန် အိုစနော့စ် (Evan Osnos) က သူ့ကို ဘလော့ဂ်နဲ့ Twitter မှာ တစ်နေ့ကို ၈ နာရီ အချိန်ပေးနေရတာ ဘာကြောင့်လဲလို့ မေးတဲ့အခါ၊ ၂၀၀၉ မှာ တရုတ်အစိုးရက သူ့ဘလော့ဂ်ကို ပိတ်ပင်ခင်မှာ အိုင်ဝေဝေက “ဒါဟာ အနုပညာဖန်တီးတာနဲ့ မတူပါဘူး။ ကျွန်တော့်ဘဝရဲ့ ရပ်တည်ချက်က ကျနော််ရဲ့ အနုပညာပါပဲ” လို့ ဖြေခဲ့တယ်။ နောက်ပိုင်းမှာ ရောဘတ် ဘာဂိုးလ် (Robert Bergold) က လူငယ်အနုပညာရှင်တွေကို ဘာအကြံပေးမလဲလို့ မေးတဲ့အခါ၊ အိုင်ဝေဝေက “အနုပညာကို မေ့ထားပါ။ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ပါ” လို့ ဖြေခဲ့တယ်။
အီဗန် ✍️
ခင်ဗျားရုပ်ရှင်ထဲက စကားတစ်ခွန်းက အတော်လေး ဟတ်ထိတယ်ဗျ။ ဒီရုပ်ရှင်က နံပါတ်တွေ၊ စာရင်းတွေအကြောင်း မဟုတ်ဘူး၊ လူတွေရဲ့ မျက်နှာတွေအကြောင်းပဲ။ ဒါပေမယ့်ခင်ဗျားမှာပရိသတ်ကို အံ့သြသွားစေမယ့် နံပါတ်တချို့တော့ ရှိတယ်။ ဥပမာ၊ ဘာလင်တံတိုင်း ပြိုကျပြီးကတည်းက နယ်စည်းတံတိုင်းတွေ၊ ခြံစည်းရိုးတွေ ဆောက်ထားတဲ့ နိုင်ငံအရေအတွက်က ၁၁ ကနေ ၇၀ ထိ တက်လာတယ်။ ဒီရုပ်ရှင်က တစ်နည်းအားဖြင့် နယ်စည်းတွေရဲ့ ခေတ်၊ အဲဒီကို ရောက်လာတဲ့လူတွေရဲ့ ခေတ်အကြောင်းပေါ့။ ဒီခြံစည်းရိုးတွေ ဘာကြောင့် တက်လာရတာလဲဆိုတာ ခင်ဗျားစိတ်ထဲမှာ သီအိုရီတစ်ခု ရှိထားလား။
ဝေ့ဝေ့🍅၊
အေးပါဗျာ၊ ခြံစည်းရိုးတွေ တက်လာတာတော့ ဟုတ်တယ်။ ဒါပေမယ့် အဲဒါတွေက မြေပုံပေါ်မှာ အသေးစိတ်လေးတွေပဲလေ။ ဂလိုဘယ်လိုက်ဇေးရှင်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေးဖွဲ့စည်းပုံတွေက ဒီခြံစည်းရိုးတွေကို ကျော်သွားပြီ။ ဘယ်သူက ဘယ်သူနဲ့ ဘာလုပ်နေလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။ အကျိုးစီးပွားတွေက မြေပုံနဲ့ လုံးဝမတူဘူး။ ဒီမြေပုံတွေ၊ ခြံစည်းရိုးတွေက အကျပ်အတည်းထဲမှာ ရှိနေတဲ့ ဆင်းရဲတဲ့လူတွေကို တားဖို့ပဲ ရှိတာဗျ။
အီဗန်✍️၊
ခင်ဗျား အခု ဂျာမနီမှာ နေနေတယ်၊ အမေရိကမှာလည်း ရှိတယ်။ ဒီနိုင်ငံတွေမှာ ထူးထူးခြားခြား အမျိုးသားရေးဝါဒမျိုး ထွန်းကားလာတယ်။ တရုတ်မှာလည်း အဲဒီလိုပဲ။ ဒါတွေ ဘာကြောင့် ဖြစ်နေတာလဲ။
ဝေ့ဝေ့ 🍅 ၊
ဒီမေးခွန်းက တော်တော်နက်တယ်ဗျ။ ပါမောက္ခတွေကို သွားမေးကြည့်ရမယ်။
အီဗန် ✍️၊
ဟဲဟဲ၊ ခင်ဗျားက ဘာလင်အနုပညာတက္ကသိုလ်မှာ ပါမောက္ခလုပ်နေတာပဲလေ။
ဝေ့ဝေ့။ 🍅၊
ဟုတ်သားပဲ၊ ကျနော့်မှာ သီအိုရီတစ်ခုတော့ ရှိတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းပြီးနောက်ပိုင်း၊ အာဏာရှိတဲ့သူတွေက ပိုအာဏာကြီးလာတယ်။ လူတွေအများကြီးက ဘဝမှာ နေရာမရှိတော့ဘူး၊ အခွင့်အရေးမရှိတော့ဘူး။ နေရာတချို့ကလည်း မတည်မငြိမ်ဖြစ်လာတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေ၊ ပြဿနာတွေကြောင့် ဒုက္ခသည်တွေ အရေအတွက်က အခုထက်တောင် ပိုများလာဦးမယ်။







